Thursday 1 December 2022

|| ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ||

 ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ချင်းအမျိုးသားတစ်ရပ်လုံးက ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ်မှစ၍နှစ်စဉ် ကျင်းပ လာခဲ့ကြသည်မှာ ၂၀၁၆ခုနှစ်တွင် (၆၈) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံလို သည့်စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုမြတ်နိုးသည့်စိတ်ဓာတ်တို့အပေါ်အခြေခံ၍  ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။


ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရသည့် အကြောင်းရင်း ဖြစ်သော သမိုင်းဝင် ဖြစ်ရပ်ကြီး (၃)ရပ်ရှိခဲ့သည်။


ပထမသမိုင်းဖြစ်ရပ်မှာ - နယ်ချဲ့အင်္ဂလိပ်တို့လက်အောက် ကျရောက်ခဲ့ကြရသည့် ချင်းအမျိုးသားတို့သည် အခြေအနေအရ နယ်ချဲ့စစ်တပ်တွင် အမှုထမ်းခဲ့ကြရသော်လည်း မိမိလူမျိုးလွတ်လပ်ရေး အတွက်နယ်ချဲ့ကို ပြန်လည် တွန်းလှန်မောင်း ထုတ်နိုင်ရန် ခေတ်ပညာ တတ်မြောက်ဖို့ လိုအပ်ကြောင်း သဘောပေါက်သည့် အလျောက် မင်းတပ်မြို့နယ် ၀မ္မသူးရွာသား ဦးဝမ္မသူးမောင်း ဦးဆောင်သော ချင်းမျိုးချစ်ပုဂ္ဂိုလ်များက ဦးဆောင်၍ ၁၉၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ့ကို မေမြို့ (ပြင်ဦးလွင်)တွင် ဖွဲ့စည်းပြီး ချင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးကို စတင်ဆောင်ရွက် ခဲ့သည်။


ဒုတိယသမိုင်းဖြစ်ရပ်မှာ - ချင်းအမျိုးသားများ၏ နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်သည်။ ဦးဝမ္မသူးမောင်းသည် ၁၉၂၄ခုနှစ်တွင် နယ်ချဲ့စစ်တပ်မှ နှုတ်ထွက်ပြီး ၁၉၂၅ခုနှစ်တွင် သူ၏ဇာတိ ၀မ္မသူးရွာ၌ မူလတန်းကျောင်းဖွင့်ပြီး အမျိုးသားရေးအတွက် စတင်လှုပ်ရှားခဲ့သည်။ 

၁၉၃၄ခုနှစ် မတ်လတွင် မင်းတပ်မြို့နယ် မသုန်နူးကျေးရွာ၌ ချင်းအမျိုးသားများ စည်းလုံး ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ၁၉၃၉ခုနှစ် ဇူလိူင်လ (၂၈)ရက်နေ့တွင် ချင်းတောင် ညီညွတ်ရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဝေါ်ကာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများလုပ်ဆောင် ခဲ့သည်။ 


ယင်းအဖွဲ့သည် ဒို့ဗမာအစည်းအရုံးနှင့် ဖဆပလ အဖွဲ့ချုပ်တို့ကို ဆက်သွယ်ကာ ဗြိတိသျှဘုရင်ခံထံ ချင်းအမျိုးသားတို့၏ အခွင့်အရေးနစ်နာချက်(၉)ချက်ကို တောင်းဆိုခဲ့သည်။ 

 

မြန်မာပြည်ဆိုင်ရာအင်္ဂလိပ်ဘုရင်ခံက ချင်းအမျိုးသားတို့၏ တောင်းဆိုချက် များကိစ္စကို ဖြေရှင်းရန် မကွေးတိုင်း မင်းကြီး မစ္စတာနီလာ၊ ကန်ပက်လက်နယ်ခြားဝန်ထောက် ဂျေဖူးညိုတို့ကို ကန်ပက်လက်မြို့ သို့ စေလွှတ်ခဲ့သည်။


၁၉၄၀ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဦးဝမ္မသူးမောင်းခေါင်းဆောင်သော ချင်းတောင် ညီညွတ်ရေးအဖွဲ့နှင့် လူထု (၁၀၀၀) တစ်ထောင်ခန့်တို့သည် ကန်ပက်လက်မြို့၌ ဗြိတိသျှနယ်ချဲ့ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပွဲ (ဒါဘာပွဲ) ပြုလုပ်ခဲ့ကြ သည်။ 

ဒါဘာပွဲတွင် မစ္စတာမက္ကရီကင်းက ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ အရေးကြီးသော တောင်းဆိုချက် အချို့ကို မလိုက်လျော ပေးနိုင်ကြောင်း ဖြေကြားရာ ဗြုန်းကနဲချင်းလူထု ကြီးကထလာက လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန့်ကျင်ခဲ့ကြသည်။ လုံးဝမျှော် လင့်မထားသော ချိုးချင်းလူမျိုးတို့၏ ဆန့်ကျင်ဆန္ဒပြမှုကို ထိတ်လန့်တုန်လှုပ်ကာ နယ်ချဲ့ဗြိတိသျှ ကိုယ်စားလှယ် အဖွဲ့ သည် ဆောမြို့သို့ချက်ချင်းထွက်ပြေးခဲ့ကြသည်။ 


မကြာမီ ဗြိတိသျှအစိုးရက ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရား အသင်းဟု ကြေညာကာ ချင်းတောင် အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ ဦးဝမ္မသူးမောင်းနှင့် ချိုးချင်းခေါင်းဆောင်(၉)ဦးတို့ကို ၂၄ - ၃ - ၁၉၄၀ ခုနှစ်တွင် စတင်ဖမ်းဆီးခဲ့သည်။ ချိုးချင်းမျိုးချစ် (၁၃၀)ကျော် ဖမ်းဆီးခံရပြီး ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ ၊ ကသာနှင့် မန္တလေးထောင်များ တွင် အကျဉ်းချထားခြင်းခံခဲ့ကြရသည်။


တတိယသမိုင်းဖြစ်ရပ်မှာ - လွတ်လပ်ရေးရပြီးနောက် ချင်းဝိသေသတိုင်း၌ နယ်ချဲ့အမွေ ဗြူရိုကရက် အုပ်ချုပ်ရေး စနစ် ဖျက်သိမ်းပြီး ခေတ်မီဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အစားထိုး ကျင့်သုံးရန် အဆိုကို အတည်ပြု ဆုံးဖြတ်ခဲ့သည့် လူထုလှုပ်ရှားမှုဖြစ် သည်။ 


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပေါ်ပေါက် လာသော ချင်းဝိသေသ တိုင်းတွင် ချင်းအမျိုးသားအများစုက နယ်ချဲ့စနစ်၏ အမွေ ဟောင်းဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်ကို မလိုလားမှုများပိုမိုပြင်းထန် လာရာ ချင်းရေး ရာဌာနက ဝန်ကြီးအဖွဲ့သို့ချင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့ ဖွဲ့ပေးရန်တင်ပြခဲ့ရာ ၅-၂-၁၉၄၈ တွင်ဖွဲ့စည်းပေး ခဲ့သည်။ 


ထိုအဖွဲ့က စုံစမ်းလေ့လာပြီး ၂၂-၉-၁၉၄၈ တွင်ဗြူရိုကရေစီအုပ်ချုပ်ရေးကိုဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုကျင့်သုံးရန်နှင့်တိုက်သူကြီးများဖြင့်အုပ်ချုပ်သည့်စနစ်ကို အဆုံးသတ်သင့်ကြောင်း ထောက်ခံတင်ပြခဲ့သည်။


ဤအတောအတွင်း ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ဖလမ်းမြို့၌ လူထုအစည်းအဝေးပွဲ တစ်ရပ်ကျင်းပခဲ့ သည်။ထိုအစည်းအဝေးတွင် ချင်းဝိသေသတိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးရေး အတွက် နယ်ချဲ့အမွေအုပ်ချုပ်ရေး စနစ်ဟောင်းကိုဖျက်သိမ်းရန်အဆိုကို တင်သွင်းရာ အားလုံးက ထောက်ခံအတည်ပြုခဲ့သည်။


ထိုသို့လျှင်ချင်းဝိသေသတိုင်း၌ နယ်ချဲ့အမွေအုပ်ချုပ်ရေးစနစ်ဟောင်းကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော စနစ်တည်ထောင်ရန်ဆုံးဖြတ်ခဲ့သည့် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ ကန်ပက်လက် ဒါဘာပွဲ၌ နယ်ချဲ့ဗြိတိသျှအစိုးရကို ရဲဝံ့စွာဆန့်ကျင် ဆန္ဒပြခဲ့သည့်၁၉၄၀ခုနှစ် ဖေဖော်ဝါရီလ(၂၀)၊ ချင်းအမျိုးသားများပညာမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း၍ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးအတွက် စတင်လှုပ်ရှားခဲ့သည့် ၁၉၁၈ခုနှစ် ဖေဖော်ဝါ ရီလ(၂၀)ရက်တို့သည် ချင်းအမျိုးသားတစ်ရပ်လုံးအတွက် အလွန်ထူးခြားဂုဏ်ယူဖွယ်ရာ နေ့ရက်များ ဖြစ်သည်ဟု ချင်းရေးရာကောင်စီက သုံးသပ်ခံယူလျက် ဤနေ့ထူးနေ့မြတ်ဖေဖော်ဝါရီလ (၂၀)ရက် နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ဂုဏ်ပြုကျင်းပရန် ၁၉၅၀ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့  တွင် ဆုံးဖြတ်ခဲ့ပါသည်။ 


ထိုသို့သတ်မှတ်ပြီး ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့၌ ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက် နေ့တွင် စတင်ကျင်းပခဲ့ပေသည်။ ချင်းလူမျိုးအပေါင်းတို့၏ ချင်းအမျိုးသားနေ့သည်ကား သူ့ကျွန်မခံလိုသော စိတ်ဓာတ်၊ဒီမိုကရေစီစနစ်ကိုချစ်မြတ်နိုးသောစိတ် ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်တို့မှ မွေးဖွားလာခဲ့သော နေ့ထူးနေ့မြတ်ဖြစ်သည်။ 

ဤနေ့ထူးနေ့မြတ်ချင်းအမျိုးသားနေ့ကိုကျွန်ုပ်တို့ချင်းတစ်မျိုးသားလုံးက နှစ်စဉ်ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ရောက်တိုင်း ဂုဏ်ယူကျင်းပကာ ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်လျက် ရှေ့သို့ချီတက်ကြပါစို့ ။  ( ဆလိုင်းအောင်မင်းလှိုင်)

No comments:

Post a Comment