Tuesday 15 March 2022

ချင်းတို.ရိုးရာ

ပထဝီအနေအထားအရ ဒေသအလိုက် တောင်ပိုင်း၊ မြောက်ပိုင်း၊ မြေပြန့်ချင်းဟူ၍ အမည်များ ကွဲပြားသည်။

ဘာသာစကားနှင့် စာပေ

ဒေသအလိုက် လူမျိုးများ ကွဲနေလင့်ကစား အသုံးပြုသည့် စကားတွင် ကွဲလွဲမှုများစွာ မရှိလှသော်လည်း ဒေသန္တရအသုံးအနှုန်းနှင့် လေယူလေသိမ်းများကား သိသာစွာ ကွဲလွဲသည်။ ချင်း ဘာသာစကားများကို ပြောရာတွင် ဒေသအလိုက် တောင်ပိုင်းချင်း၊ မြောက်ပိုင်းချင်း၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ စသည်ဖြင့် ကွဲလွဲမှုရှိသည်။ မြေပြန့်ချင်းခေါ် ဆလိုင်းချင်း တို့သည် မင်းဘူး၊ စေတုတ္တရာ အနောက်ဘက်ကြော၊ ၎င်းမှ ပြည်နှင့် ကြို့ပင်ကောက် တဝိုက်ထိ နေထိုင်၍ စကားပြောဆိုမှု ကွဲလွဲလာခဲ့ကြသည်။

 

ဝတ်စားဆင်ယင်မှု

ခေါင်သည့် ဒေသများတွင် ယောက်ျား၊ မိန်းမအားလုံး ဆံပင်ရှည်ထားကြ၍ ဘောင်းဘီတိုနှင့် ချည်လုံချည်နှင့် သင်တိုင်းကဲ့သို့ ကိုယ်စွပ်ရှည် အင်္ကျီများကို ဝတ်၍ စောင်ကို တစောင်း ရစ်ပတ်ခြုံကြသည်။ အမျိုးသမီးများကမူ ဂျပ်ခုတ်ထမီရင်ကွဲ၊ ဂျပ်ခုတ်အင်္ကျီနှင့် စောင်ခြုံကြသည်။ ခေတ်မီ၍ ပညာတတ်များလာသည့်အလျောက် ဘောင်းဘီရှည်နှင့် အင်္ကျီတို့ကိုဝတ်လာကြပြီး အခမ်းအနားများတွင် ဓလေ့ထုံးစံအရ သင်တိုင်းရှည်များကိုပါ ဝတ်ဆင်တက်ရောက်ကြသည်။ ဂျပ်ခုတ်ထည်များကို အပြောက်အမွမ်းများနှင့် ရက်လုပ်ဝတ်ဆင်ကြသည်။

ဘာသာကိုးကွယ်မှု

ကိုးကွယ်သည့် ဘာသာများမှာ-

(က) နတ်ကိုးကွယ်ခြင်း၊

( ခ ) ပေါင်ကျင်ဟောင် ဘာသာကိုးကွယ်ခြင်း၊

( ဂ ) ခရစ်ယာန်ဘာသာ၊

(ဃ) ဗုဒ္ဓဘာသာ ကိုးကွယ်မှုများဖြစ်သည်။

 

နတ်ကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုသည် အစဉ်အလာ ရင်းမြစ် ဖြစ်၍ ပေါင်ကျင်ဟောင် ယဇ်နတ် ပူဇော်ခြင်း၊ ပကာသနဆန်သော လူမှုရေးပွဲလမ်းတို့ကို ဆန့်ကျင်သည်။ ခရစ်ယာန်ကိုးကွယ်မှုတွင်လည်း ဘရင်ဂျီဘာသာဝင် အမေရိကန် ဘတ်ပတစ်နှင့် အင်္ဂလန် မတ်သဒစ် စသည်ဖြင့် ဂိုဏ်းကွဲမှုများလည်း ရှိသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှု များ၍ တောင်ပိုင်း၊ မြောက်ပိုင်းဒေသတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများ ရှိသည်။

အုပ်ချုပ်မှုအစဉ်အလာ

ရှေးယခင်ကမူ ရပ်ရွာလူကြီးများရှိ၍ ၎င်းတို့နှင့် တွဲဘက်၍ အုပ်ချုပ်ရန် ကျေးရွာ လူကြီး သုံးလေးယောက်ခန့် ရှိကြသည်။ ကျေးရွာလူကြီးများအပေါ်တွင် တိုက်နယ်လူကြီးများ ရှိသည်။ ၎င်းကို အုပ်ပီးဟူ၍ လည်းကောင်း၊ မီးအုပ်ဟူ၍ လည်းကောင်း၊ လူကြီးဟူ၍ လည်းကောင်း ဒေသအလိုက် ခေါ်ဝေါ်ကြသည်။ လူကြီး၊ အုပ်ပီးများကို သားစဉ်မြေးဆက် ဆက်ခံနိုင်သည်။ ယခုအခါတွင် ခရိုင်၊ မြို့ရွာ၊ ကျေးရွာ ခွဲခြား၍ လုံခြုံရေးနှင့် အုပ်ချုပ်မှု​ကော်မတီများ ဖွဲ့စည်း၍ အုပ်ချုပ်ကြသည်။ ရိုးရာ ဥပဒေများလည်းရှိ၍ လိုက်နာ ကျင့်ကြံ နေထိုင်ကြသည်။

ယဉ်ကျေးမှု

အိမ်ထောင်စုတွင် ဖခင်က ရှေ့ဆောင် ဦးစီးပြီး မယား၊ သားသမီးတို့နှင့် အစစ တိုင်ပင်လေ့ ရှိသည်။ ကြီးစဉ်ငယ်လိုက် ရိုသေလေးစားမှု ရှိသည်။ ချင်းတိုင်းရင်းသားတို့တွင် အရေးပါသော နတ်ပွဲ ၂ ရပ် ရှိသည်။ စိုက်ပျိုးရေးအောင်မြင်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ ရွာများတွင် ရှန်ပိန်ခေါ် နတ်ဆရာ ၂ ဦးမှ ၅ ဦးအထိ ရှိတတ်၍ ယဇ်ပူဇော်မှုနှင့် နတ်ပူဇော်မှုတို့ကို ဦးဆောင်ပြုလုပ်သည်။ ယဇ်ပူဇော်မှုနှင့် လူမှုရေးဆိုင်ရာပွဲတို့တွင် နွားနောက်ကို အသုံးပြု၍ မတတ်နိုင်သူများက ကျွဲ၊ နွား၊ ကြက်၊ ဝက် စသည်တို့ကို တတ်နိုင်သလို အသုံးပြုကြသည်။ 

 

ရိုးရာဓလေ့ပွဲတော်များအဖြစ် မိုးကြိုးပွဲ၊ ကောက်ပဲသီးနှံအထွက်ကောင်းရန် ပွဲများ၊ ကောက်သစ်စားပွဲများ၊ အိမ်တက်ပွဲ၊ ခေါင်ပွဲ၊ နှစ်သစ်ကူးပွဲ စသည်ဖြင့် ၁၂ ရာသီပွဲများကို ကျင်းပကြသည်။ အတိတ်နိမိတ်များကို ယုံကြည်တတ်ကြပြီး ၎င်းနှင့် ပတ်သက်၍ ဒေသအလိုက် အတိတ်နိမိတ် အမျိုးမျိုးနှင့် ဆင်ခြင်ရသည့် ထုံးစံ အမျိုးမျိုးရှိသည်။

ဆောင်ရန်

–           ဒေသအလိုက် လိုက်နာရသော ဓလေ့ထုံးစံများ အများအပြား ရှိသဖြင့် ​ရောက်ရာ ဒေသတိုင်းတွင် ဓလေ့ထုံး တမ်းများကို သိရှိနိုင်ရန် ရပ်ရွာအကြီးအကဲများထံ ချဉ်းကပ် လေ့လာ၍ ကျင့်သုံး လိုက်နာပါ။

–           ရောက်ရှိရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်တိုင်းကို ကူညီဆောင်ရွက်၍ ကျေးရွာ အကြီးအကဲ နှင့် လူထုကို ခင်မင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းပါ။

–           ယုံကြည်မှုဆိုင်ရာနှင့် ဘာသာရေးတို့ကို အလေးထားသူများဖြစ်၍ ဆန့်ကျင် ထိခိုက်မှု မရှိစေရန် ဂရု စိုက်၍ ဝိုင်းဝန်းကူညီပါ။ ပြေပြစ်စွာဆက်ဆံပါ။

–           ဘာသာရေးနှင့် ရိုးရာပွဲလမ်းတို့တွင် ရှောင်ရမည့် အချက်များကို ရှောင်၍ တတ်နိုင်သမျှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပါ။

 

ရှောင်ရန်

–           တောင်ပေါ်သားတို့ ဓလေ့အရ မိမိလိုက်၍ ရထားသော တောကောင် တိရစ္ဆာန်များ၏ ဦးခေါင်းခွံ များကို ဆွဲချိတ်ထားသော အခန်းသို့ ဧည့်သည်များ မဝင်ရ။

–           ဧည့်သည်အဖြစ်နေလျှင် အိမ်ထောင့်ရှိ မီးဖိုကို လှဲကျင်းခြင်း မပြုရ။ တစ်စုံတစ်ဦးကိုမှ ဓါး၊ သေနတ်၊ လက်နက်များဖြင့် ချိန်ရွယ်ခြင်း မပြုရ။

–           နတ်ကွန်းစင်များကို ဖျက်စီးခြင်း၊ မလေးမစား မပြုရ၊ ဘာသာရေးအဆောက်အအုံများ၌ တည်းခို နေထိုင် ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

–           သောက်စား မူးယစ်ရမ်းကားခြင်း၊ ကိုယ်ထိလက်ရောက် နောက်ပြောင် စော်ကားခြင်းများကို လုံးဝ မပြုလုပ်ရ။

–           လူမျိုးရေးစိတ်ဓာတ် ပြင်းထန်သူများဖြစ်၍ ထိခိုက်စေမည့် အပြုအမူ အပြောအဆိုများကို ရှောင်ရှား ဆင်ခြင်ပါ။ သူ့သားမယား သမီးပျိုများနှင့် ကင်းရှင်းစွာ နေပါ။

–           ကျေးရွာအကြီးအကဲများ ပြောပြသော ဓလေ့ထုံးတမ်းများအတိုင်း နေထိုင် ရှောင်ကြဉ်ပါ။

–           စိုက်ပျိုးရေး၊ လူမှုရေး ပညတ်ချက်များအတိုင်း နေထိုင်ပါ။ စိုက်ခင်းစားခင်း၊ ရေတွင်းရေကန်၊ နတ်ကွန်း၊ သင်္ချိုင်းများကို လုံးဝ မဖျက်ဆီးရ။

–           ရှားပါးသည့်ဒေသများဖြစ်၍ ပစ္စည်းပစ္စယ ငှားရမ်းခြင်းနှင့် ဝယ်ယူခြင်းတို့ကို ၎င်းတို့ ကျေနပ်မှု မရှိမည် ကို အထူးဆင်ခြင်ပါ။ ကြွေးကျန်ခြင်း၊ အဓမ္မယူခြင်း လုံးဝမပြုရ။ ( Crd:MOEA)

No comments:

Post a Comment