ပျားအုံယူခြင်းဓလေ့
ပထမနေ့ညဘက်တွင် ပျားအုံရှာရန်အတွက် လူငယ်လူရွယ်များသည် တောထဲသို့ သွားကြလေသည်။ ပျားအုံတွေ့သည့်နေရာတွင် ပျားအုံယူရင်း သီဆိုတီးမှုတ်ကာ ညအိပ်ကြသည်။ ဒုတိယနေ့ နံနက်စောစောတွင် ပျားအုံကို သယ်ဆောင်လာပြီး ခွာခွာလ် (Khua mual) ခေါ် ရွာဦးနတ်ကွန်းသို့ ပြန်လာကြသည်။ ချင်းနတ်ဘာသာဓလေ့အရ ရွာလယ်နတ်ကွန်းနှင့် ရွာပြင်ရှုခင်းသာယာသော နေရာတွင် နတ်ကွန်း တစ်ခု ထားရှိ သည်။ ရွာပြင်ရှိ ရွာဦး နတ်ကွန်း (Khua mual) တွင် စုဝေးစားသောက်ကြသည်။
တစ်နေကုန် တီးမှုတ်သီဆို ကခုန်ကြသည်။ ရွာဦးနတ်ကွန်းတွင် Zaw Pa ခေါ် အချစ်ဆုံးသူငယ်ချင်းနှင့်အတူ စားသုံးကြသည်။ ရွာရှိ လူပျိုလူရွယ်များကလည်း စားသောက်ဖွယ်ရာများကို လာပို့ကြသည်။ ညနေပိုင်းတွင် ပျားအုံကို အဝတ်စများဖြင့် ထုပ်ပြီးလျှင် တုတ်တစ်ချောင်းလျှို၍ လူနှစ်ဦးမှထမ်းကာ အတီးအမှုတ် အဆိုအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရွာလယ်နတ်ကွန်းသို့ ပြန်လာကြသည်။
ထိုသို့ပြန်လာရာတွင် ရှေ့ဆုံးမှ ပျားအုံထမ်းသူနှစ်ဦးနှင့် ထင်းရှူးမီးကိုင်သူ နှစ်ဦး တန်းစီသည်။ ၎င်းတို့၏ နောက်တွင် မောင်းတီးသူများ၊ ဗုံးတီးသူများ၊ ဝါးပလွေ မှုတ်သူများ (တူရိယာတီးမှုတ်အဖွဲ့) ဆက်၍ တန်းစီသည်။ ၎င်းတို့၏နောက်မှ သေနတ်ကိုင် သူတစ်ဦး၊ ၎င်းနောက်မှ ထင်းရှူးမီးကိုင်သူတစ်ဦး၊ ၎င်းနောက် သေနတ်ကိုင်သူတစ်ဦး စသည်ဖြင့် တန်းစီရပြန်သည်။ ၎င်းတို့ပြီးမှ အမျိုးသားနှင့် အမျိုးသမီးများသည် ထင်းရှူးမီး ကိုယ်စီဖြင့် ဆက်လက်တန်းစီလေသည်။ တန်းစီရာတွင် အတန်းမပျက်စေရန်အတွက် ကြိုး တစ်ချောင်းကို ကိုင်စေ၍ ထိန်းထားလေသည်။
တန်းစီမှုပြီးလျှင်သီချင်းများ သီဆိုတီး မှုတ်ကခုန်ရင်း ရွာဦးနတ်ကွန်းကို သုံးပတ်လှည့် သည်။ သုံးပတ် ပြည့်လျှင် ရွာလယ်နတ်ကွန်း (Khuatual)သို့ တန်းစီ၍ တီးမှုတ်ကခုန် လျက်နှင့် ပြန်လာကြသည်။ ခွါမွာလ်တွင်သေနတ်ကိုင်သူမှ သေနတ်တစ်ချက် ပစ်ဖောက်ပြီးနောက် ခြေလှမ်းညီညီ၊ စည်းချက်ကျကျ လှမ်းကြသည်။ ဘယ်ခြေရှေ့သို့လှမ်းစဉ် ကိုင်ဆောင်ထားသော ထင်းရှူးမီးတိုင်ကို အောက်သို့ နှိမ့်ချလိုက်သည်။ ညာခြေရှေ့သို့ လှမ်းသောအခါ ထင်းရှူးမီးတိုင်များကို ပခုံး ထက်သို့မြှောက်၍ ကိုင်ကြသ
ခြေလှမ်းညီညီ၊ စည်းချက်ကျကျလှမ်း၍ ပြန်လာကြသော ပျားအုံယူသူများ ရွာလယ်နတ်ကွန်းအနီးသို့ ရောက်လာ သောအခါ အသင့်စောင့်ကြိုနေကြသည့် အမျိုးသမီးများသည် ခေါင်ရည်ဘူး၊ အချိုရည်ကိုယ်စီဖြင့် ကြိုဆိုခဲ့ကြရာ ခေါင်ရည်၊ အချိုရည်များကိုတိုက်ကျွေး ကြပါသည်။ ရွာလယ်နတ်ကွန်းတွင် ရွာသူ ရွာသားများနှင့် သက်ကြီးရွယ်အိုများမှ “ပျားအုံ ဖြစ်လျှင်မလာပါနဲ့၊ သီးနှံဖြစ်မှ ဝင်လာပါ”ဟု သီဆိုကာ ကြိုဆို ကြသည်။ ပျားအုံယူလာသူ များကလည်း “ပျားအုံမဟုတ်ပါ။
သီးနှံများသာ”ဖြစ်ကြောင်း ဖွဲ့နွဲ့သီဆိုကာ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်ဖြင့် စည်းချက်ညီညီ သီဆို ကခုန်ကြလေသည်။ ပျားအုံသယ်ယူလာသူများ နှင့်ကြိုဆိုကြသော အဖွဲ့နှစ်ခုဆုံကြသည့်အခါ စုပေါင်းပြီး ရွာလယ်နတ်ကွန်းကို တစ်ပတ်ရစ် ပတ်ရင်း သီဆိုကခုန်ခဲ့ကြလေသည်။ ၎င်းနောက် သက်ကြီးရွယ်အိုများ၊ နတ်ဆရာများက ပျားအုံကိုယူ၍ ခွဲဖျက်ကြည့်ကာ နိမိတ်ဖတ်ကြလေသည်။ ၎င်းညတွင် Khuatual ၌ စားသောက်ပွဲများ ပြုလုပ်ကာ တစ်ညလုံး အမျိုးသားများနှင့် အမျိုးသမီးများသည် လက်ချင်းတွဲ၍ တစ်ညတာပတ်လုံး သီဆိုတီးမှုတ်ကြလေသည်။
ပျားအုံနိမိတ်ဖတ်ခြင်း
ပျားအုံများတွင် ပျားသလက်ကောင်များသည် ကွက်လပ်မရှိပြည့်လျက် ညီညီညာညာရှိနေကြလျှင် လာမည့်နှစ်တွင် ရပ်ရွာအေးချမ်းသာယာ၍ ဘေးအန္တရာယ်နှင့် ရောဂါဘယကင်းဝေးမည်။ အသီးအနှံ ဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမည်။ ပျားသလက်ကောင်များ မပြည့်ဘဲ မညီမညာဖြင့် ပျက်စီးသေကျေနေလျှင် သီးနှံအထွက်မကောင်းသည့်အပြင် အနာရောဂါများ ကျရောက်၍ ရွာတွင် အသေအပျောက်များရှိမည်ဟု ယူဆကြသည်။ ။
ခွာဒိုပွဲတော်နောက်ဆုံးနေ့(တတိယမြောက်နေ့)
ခွာဒိုပွဲတော်ကျင်းပပြီး သုံးရက်မြောက်သောနေ့တွင် နတ်ကွန်းများကို သန့်ရှင်းရေး ပြုလုပ်သည်။ Tual တွင် စားသောက်ပွဲများ မရှိတော့ပေ။ မိမိတို့၏ ဆွေမျိုးစုအလိုက်ဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ အိမ်နီး နားခြင်းအလိုက်ဖြစ်စေ၊ နီးစပ်ရာ ရပ်ကွက်အလိုက်ဖြစ်စေ၊ ဝိုင်းဖွဲ့၍ လက်ဆုံစားသောက်ပွဲများ၊ သီချင်း သီဆို တီးမှုတ် ကခုန်မှုများကို တပျော်တပါး ဆက်လက်ပြုလုပ်ကြသည်။ လူပျိုလူရွယ်များမှာ ရွာလယ် နတ်ကွန်း၌ပင် ဆက်လက်စုဝေး၍ တီးမှုတ်သီဆို ကခုန်ခြင်းဖြင့် ပွဲတော်ကိုပျော်ရွှင်စွာ ဆက်လက်ပါဝင် ဆင်နွှဲကြလေသည်။ ဤသို့ဖြင့် ခွာဒိုပွဲတော်ကို သုံးရက်တိုင်တိုင် စုပေါင်းစားသောက်ပွဲများ၊ အတီးအမှုတ် အဆိုအကများဖြင့် ဝမ်းသာပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။
နှစ်သစ်ကူးနေ့(နှစ်ဆန်းတစ်ရက်)
ခွာဒိုပွဲတော်သည် တစ်နှစ်တာကာလအတွင်း စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် တောင်ယာသီးနှံများ ရိတ်သိမ်းပြီးနောက် အားလပ်ရက် အနားယူချိန်တွင် ပျော်ရွှင်စွာစုပေါင်း ကျင်းပသည့် ရာသီပွဲတော်ဖြစ်သည်။ တစ်နှစ်တာဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရသော လုပ်ငန်းသည် အပြီးသတ်သည့်နည်းတူ တစ်နှစ်တာ ကာလသည်လည်း ကုန်ဆုံး သွားလေတော့သည်။ ထို့ကြောင့် နှစ်ဟောင်း ကို နှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုသည့် ပွဲတော်လည်းဖြစ်သည်။ ချင်းဓလေ့ဘာသာအရ ခွါဒိုပွဲ တော်ကျင်းပသည့်နေ့ရက်တွင် နှစ်ဟောင်းကုန်သည်ဟု မှတ်ယူကြပြီး နောက်တစ်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ခွာဒိုပွဲတော်ကို နှစ်သစ်ကူးပွဲတော်ဟု လည်းခေါ်ဆိုကြသည်။ ။
ခွာဒိုပွဲတော်သည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှေစ် (Intangible Culture Heritage - ICH) တစ်ခုဖြစ်သည်။ တိုးတက်လာသော ခေတ်စနစ် အခြေအနေများကြောင့် ခွာဒိုပွဲတော် ထိန်းသိမ်းမြှင့်တင်ရာတွင် ခွာဒိုပွဲတော် ကျင်းပ ပေးနေခြင်းသည် အမျိုးသားစည်းလုံးညီညွတ်မှု၊ မေတ္တာစေတနာ ပွားများလာမှု၊ ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ကိုင်တတ်မှုစသည့် အခြေခံ စိတ်ဓာတ်ကောင်းများကို တိုးပွားခိုင်မာစေသော ယဉ်ကျေးမှု အနှစ်သာရ ကြွယ်ဝသည့် အမျိုးသား ပွဲတော်ကြီးပင် ဖြစ်ပေသည်။
ချင်းအမျိုးသားတို့၏ ရိုးရာပွဲတော်ဖြစ်သော ခွာဒိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ကျင်းပနေခြင်းသည် ရိုးရာ၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာကောင်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနေ ခြင်းဖြစ်ပါသည်။ ခွာဒိုပွဲတော်သည် ချင်းအမျိုး သားများ၏ စည်းလုံးညီညွတ်မှု၊ မေတ္တာ စေတနာနှင့် ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ကိုင် တတ်မှုစသည့် အခြေခံ စိတ်ဓာတ်ကောင်းများကို တိုးပွားခိုင်မာစေသော ယဉ်ကျေးမှုအနှစ် သာရကြွယ်ဝသည့် ချင်းရိုးရာပွဲတော်ကြီးတစ်ခု ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။
(ကြေးမုံ /တိုင်းရင်းသားရေးရာမှ)
No comments:
Post a Comment