လေးတူချင်းမျိုးနွယ်စုများသည် ချင်းပြည်နယ်ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်များတွင်နေထိုင်ကြပါသည်။ အထူး သဖြင့် မင်းပြားတောင်တန်းဒေသသည် လေးတူချင်း တိုင်းရင်းသား များ၏ ဘူမိနက်သန် အမိမြေ(Homeland)ပင်ဖြစ်လေသည်။ လေးတူချင်းဘာသာ စကားသည် တောင်ဖက် ချင်းဘာ သာစကားအုပ်စု(Southern Chin Languae) တွင်ပါဝင်ပြီး Asho-Uppu-Laitu/Cumtu အုပ်စုခွဲတွင် ပါဝင်ပါသည်။ လေးတူဘာသာစကားနှင့်အနီးဆုံးဆိုပါက Cumtu Chin နှင့် Laisaw Chin ဘာသာစကား များဖြစ်ပေသည်။
ထိုအုပ်စုဝင်များသည် စေတုတ္တရာနယ် ကိုအခြေခံကာ မင်းပြားတောင်တန်းဒေသများ၊ အမ်းမြောက်ဖက် တောင် တန်းဒေသများအားဖြတ်သန်းကာ ရခိုင်မြေပြန့်လွင်ပြင်များဆီသို့ နှစ်ပေါင်းများစွာ ကတည်းက ဆင်းသက်ဝင်ရောက်လာပေသည်။
ချင်းလူမျိုးများသည်မြောက်ဦးမြို့နယ်တွင် လူဦးရေ (၄၂၇၂) ဦး၊ မင်းပြားမြို့နယ်တွင် လူဦးရေ (၂၇၆၉၈) ဦး၊ မြေပုံမြို့ နယ်တွင် လူဦးရေ (၁၈၅၀၈)ဦး စုစုပေါင်း သုံးမြို့နယ်တွင် (၅၀၄၇၈)ဦးရှိလေသည်။ မြိုခမီ အား ထည့်သွင်း မရေတွက်ပေ။
လေးတူချင်းမျိုးနွယ်စုများသည် မြောက်ဦးတွင် (၁၃)ရွာ၊ မင်းပြားတွင် (၄၇)ရွာ၊ မြေပုံတွင် (၁၄)ရွာတွင် လူဦးရေ (၄၀၀၀၀) ဝန်းကျင်ရှိမည်ခန့်မှန်းရပါသည်။ ပလက်ဝမြို့နယ်တွင်လည်း လေးတူချင်းမျိုးနွယ်ကျေးရွာ (၁၄)ရွာရှိလေသည်။လေးတူချင်းတို့ကို လိုင်းတူချင်းဟုလည်းခေါ်ဝေါ်ရေးသားကြပါသည်။
(ရခိုင်သမိုင်းမှ လေးတူမျိုးနွယ်အကြောင်း တစေ့တစောင်း)
အေဒီ ၇၇၅-၇၉၂ (ဝေသာလီခေတ်နှောင်း)
ငါတို့ကားမြန်မာပြည်တွင် မင်းအဖြစ်ကိုရ၏။ အမျိုးနွယ်ဆက်ကာ တောင်ထက်၌ နေသော မြုံအမျိုး သားတည်း။ မြုံမင်းအမြထူးသည် မြုံအားလုံးကို မြို့တော် (ဝေသာလီ)မှ ထုတ်လျက် မြုံတို့ ဝတ်ဆင် သော ကြွေနီကြွေပေါက် ဦးဖွယ်စသည်တို့ကိုဝတ်၍ လေး၊ မြား၊ ထောင့်၊ကာ လက်စွဲလျက် ထိုမြုံ အမြထူး မင်းကြီးသည် ငါကား မင်းအဖြစ်သို့ရောက်လေပြီ၊ ငါ၏ ဆွေမျိုး တို့သည်၊ မြုံရိုင်း-ချင်းရိုင်းတို့နှင့် မစေ့စပ် မဆက်ဆံ စေကုန်နှင့် အမိန့်တော်ရှိပြီးလျှင်၊ အလုံးစုံသော မြုံ အပေါင်းတို့ကို ဆင့်ခေါ်တော်မူ၍။ ဖိုးခေါင် တောင်ရိုး ၌ ထားလေသည်။
ထိုမြုံအပေါင်း တို့သည် လည်း ငါတို့မင်းမျိုးမင်းနွယ် မှန်ပြီဖြစ်သောကြောင့်၊ မြုံတို့၏အဝတ် အသုံး အဆောင် ကို ပယ်ချွတ်ပြီး လျှင်၊ ဖိုးခေါင်တောင်ရိုး၌ ထားခဲ့၍ အရှေ့ပြူတို့၏ အဝတ်တန်ဆာ အဆောင် အယောင်ကို ပီစွာ ဆင်ယင်လျက်၊ ဝေသာလီသို့၊ လာရောက်ကြကုန်၍၊ တဖန် ဖိုးခေါင်တောင်ရိုးသို့ ပြန်ပြီး လျှင် လုပ်ကိုင် စားသောက်၍ နေကြကုန်၏။
ထိုမြုံအပေါင်း၊ ချင်းအပေါင်းတို့သည် ကာလရှည်လတ်သဖြင့် အရှေ့ ဘက်မြေအပြင်သို့ ဆင်းသက်၍ လယ်ချောင်းမိုးမြေလုပ်ကြလေသော်။ အရှေ့ဘက် ပုဂံပြည်တိုင် အောင်နှံ့စပ်လေသည်။ အကြည်အောက် ဘက်သက်လေသော မြုံ-ချင်းဟူသမျှကို အောက်သားဟူ၍ အမှတ်ဝေါဟာရထားကုန်၏။ ဝေသာလီမြို့တော်၌ နေသောသူတို့ကိုကား မာရမာဟုခေါ်ကြ သ တည်း။(ဦးပဏ္ဍိ၊ ဓညဝတီရာဇဝင်၊စာ ၈၉။)
ထိုအကြောင်းမှာ ရခိုင်မှတ်တမ်းတွင် အစောဆုံးတွေ့ရသည့် လေးမြို့မြစ်ဝှမ်းတွင်နေထိုင်သော ချင်း လူမျိုးများ အကြောင်းပင်ဖြစ်သည်။ ပဲဖြူမင်း ၏ရာဇဝင်နှင့်တွဲကာမှတ်တမ်းတင်ထားလေသည်။ ထို အကြောင်းမှာ ပဲဖြူမင်းအကြောင်းကိုအခြေခံသောကြောင့် ချင်းတို့မှာ ကုလားတန်နှင့် လေးမြို့ အကြားတောင်တန်းများမှ ဆင်းသက်လာသည်ဟုမှတ်သားမိဟန်တူသည်။ ၎င်းမှာလည်း တောင် ဖက်မှ ဝင်ရောက်လာ သောလူမျိုး များ၏ ရှုထောင့်ဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။ ဝင်ရောက် လာသော သူများက ၎င်းတို့ တွေ့ရသော လူမျိုး များကို မှတ်တမ်းတင်ထားခြင်းလည်းဖြစ်ပေမည်။
ထိုမြုံ-ချင်းနှစ်မျိုးလုံးမှာ ကာလရှည်ကြာအောင်နေထိုင်နှင့်ပြီးဖြစ်ကြောင်း “ကာလရှည်လတ်သဖြင့်” ဆိုသော စကားလုံးအားဖြင့်ဖော်ပြထားသည်။ အရှေ့ဖက်မြေပြင်သို့ဆင်းသက်၍ လယ်ချောင်းမိုး မြေလုပ် ကြသည် ဆိုသည်မှာ မြောက်ဦးလွင်ပြင်မှ တောက်လျောက် လေးမြို့မြစ်ဝှမ်းတွင်ဖြစ်သည်။ ထိုမှဆက်လက်ပြီး တောင်တန်းကို ကျော်ကာ ပုဂံသို့တိုင်အောင်ရောက်ရှိနေထိုင်ကြောင်းဆိုလေသည်။
ယနေ့ပထဝီအရဆိုသော် မင်းပြား၊ အမ်းမြို့နယ်တကျောတွင် ရှေးကတည်းကနေထိုင်ကျင် လည် နေပြီး ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ “အကြည်၊ အောက်ဘက်” ဆိုသည်မှာ တောင်ဖက်လေးမြို့ မြစ်ဝှမ်းကို ဆိုလေသည်။ ထိုသူများကို “အောက်သား”များဟုခေါ်လေသည်။ လေးမြို့ခေတ်မတိုင်မီခန့်တွင် ထိုသူများမှာ အလုံးအရင်းနှင့်နေထိုင်ပြီဖြစ်ကြောင်းကား သေချာလေသည်။
အေဒီ ၁၀၉၈ (အရှေ့ဖက်မှခေတ်ပြိုင်အထောက်အထား)
စေတုတ္တရာမြို့ကို ကျန်စစ်သားမင်းကြီး၏ သားတော်၊ တောင်စဉ် ၇ ခရိုင်ကို အစိုးရသော မင်းသီရိ ခေတ္တရာ (ဇေယျ ခေတ္တရာ)က မြန်မာသက္က ရာဇ် ၄၆၀ တွင်တည်ထောင်ခဲ့သည်ဟု ဆိုပါသည်။
ထိုဒေသတွင်နေထိုင်သော ချင်းအုပ်စုခွဲတစ်ခုဖြစ်သောစေတုတ္တရာမြို့နယ်ရှိ တောင်သူချင်း များ မှာမူ ကျောက်ပန်းတောင်းမြို့ နယ်မှတဆက်တည်း စေတုတ္တရာမြို့ကိုတည်ထောင်ပြီး နှစ်တစ်ရာအကြာ တွင် ရောက်ရှိလာကြဟန်တူပေသည်။
တောင်သူချင်းများ၏ရွာဖြစ်သော တပွင်ကို မြန်မာ သက္ကရာဇ် ၅၅၅ (အေဒီ ၁၁၉၃)တွင်တည် ထောင်သည် ဟုဆိုပေသည်။ ထိုပြင်စေတုတ္တရာတွင် နေထိုင်ကြသော မင်းကျချင်းတို့အား တောင်တန်းဒေသများမှ ဘုရင့်အမိန့်တော်ဖြင့် ဆင်းသက် နေထိုင်စေ သောကြောင့် မင်းကျချင်းအမည်တွင်ကြောင်း ဖော်ပြထားလေသည်။
ထိုအရှေ့ဖက်စေတုတ္တရာနယ်မှ ချင်းများသည် ကပ်လျက်ရှိသော မင်းပြားနယ်ရှိ လေးတူချင်းနှင့် သော်လည်းကောင်း စုမ်းတူချင်းများနှင့်သော် လည်းကောင်း ဘာသာစကားနီးစပ်တူညီပါသည်။ ထိုသို့ အရှေ့ဖက်မှ နိုင်ငံရေးလှုပ်ရှားမှုများနှင့် လေးတူချင်းများဆင်းသက်ရွှေ့ပြောင်းမှုဆက်နွယ် လျက်ရှိ ပါသည်။
အေဒီ ၁၁၈၉ (ဒုတိယခြိပ်-လေးမြို့ခေတ်)
ဒုတိယခြိပ်ခေတ် မင်းဖုန်းစား(၅၅၁၊ ခရစ်နှစ် ၁၁၈၉)လက်ထက်တွင် တောင်သူငနားကြီး သည် ခရီးဦး ညွှန် ပြုလျှက် သုံးသိန်းသော ရှမ်းတို့နှင့်စစ်ပြုအံ့လာလေလျှင် များမြောင်စွာသော ဗိုလ်ပါရဲ မက်များနှင့် အဥနနဒီ မြစ်ကို ဆန်လေပြီသော်တောင်ကြီးတစ်လုံးထက်သို့တက်၍ တိုက်ခိုက်လေသော် ထိုရှမ်းသုံး သိန်းတို့ ဖရိုဖရဲ ပြိုကွဲ ပျက်ပြားလေသည်။ (ဦးဉာဏ၊ ဓညဝတီရာဇဝင်သစ်၊ စာ ၂၉၆-၂၉၇၊ အရှင်စန္ဒ မာလ လင်္ကာရ၊ ရခိုင်ရာဇဝင် သစ်ကျမ်း၊ ၂၄၃) တောင်သူဆိုရာတွင် အရှေ့ဖက်ရှိ စေတုတ္တရာနယ်မှ ဆင်းသက်လာသူ တောင်သူ လူမျိုး များဖြစ်မည်လောဟုယူဆနိုင်ပေသည်။
ယနေ့တိုင် တောင်သူချင်း များရှိနေသေးသည်။ သို့မဟုတ် တောင်ပေါ်တွင်နေထိုင်သောသူများအား တောင်သူ များဟု ခေါ် ဆိုခြင်းလည်းဖြစ်ဟန်တူလေသည်။ ၁၂ ရာစုသည် အရှေ့ဖက်တွင် ပုဂံခေတ်ကောင်းစဉ် ကာလ ဖြစ်သည်။ ပုဂံတွင် နရပတိစည်သူ(၁၁၇၄ -၁၁၂၁) မင်းတက်သောအချိန်ဖြစ်သည်။ တိုင်-ရှမ်း တို့သည် ၁၄ ရာစုမှသာအင်အားကြီး ထွားလေ သည်။
ရှမ်းတို့လာတိုက်သည်ဆိုသည်မှာ စဉ်းစားရန်ဖြစ်သည်။ ရခိုင်ဖက်မှကြည့်သော် မြောက်ဖက် လေးမြို့မြစ်ဝှမ်း အထက်တွင် ချင်းလူမျိုးများသာနေထိုင်လေသည်။ ရခိုင်တို့က ချင်းတို့ကို အသံထွက် လျှင် ရှမ်းဟုထွက် ပါသည်။ ထို့ပြင်ရှေးက ချင်းတို့ကို ရှမ်းမျိုး ၃၀ တွင်ထည့်သွင်းထားသည်။ ထိုချင်း လူမျိုးများက အလုံးအရင်း နှင့် တိုက်ခိုက်လာခြင်းလောဟု တွေးဆစရာပင်ဖြစ်သည်။ ချင်းတို့ က တောင်ဖက်မှ တိုးဝင်လာသော ရခိုင်များ ကို ရင်ဆိုင်တိုက် ခိုက်သည်ဟု ယာယီမှတ်နိုင်ပါသည်။
“တောင်ပေါ်တက်၍တိုက်ခိုက်သည်”ဆိုသည်မှာ ထိုဌာနေတိုင်းရင်းသားများ၏နေရာဖြစ်နိုင်သည်။ ဂဏာန်း အရေအတွက်မှာ ရာဇဝင်ဆရာများ၏ ညာဏ်ကွန့်မြူး တတ်လေသည်။ ယခုဖော်ပြ ချက် မှာ အား ပြန်လည် ဆန်းစစ်ရန်ဖြစ်ပေသေးသည်။ ၄င်းမှ ရှေ့ပိုင်းအချက်အလက်များသည် မှန်းဆခြင်း သက်သက်သာ ဖြစ်ပေ သည်။ ဆက်လက်လေ့လာရန်လိုအပ်ပေသေးသည်။
အေဒီ ၁၄၄၄ (မြန်မာကျောက်စာ)
သက်၊ မြုံချင်းကို အစိုးရသော ကစ္စပတိ၊ အဿပတိမည်သော ပန်းသေးမင်းတို့၏ အမျိုးအနွယ် ဖြစ်သော ရခိုင် မင်းသည် ဖိုးခေါင်ဆဲတပ်ကိုကျူး၍ အဘိုးအတိုင်းမသိသော မြရှင်လက် ကောက်ကို ဦးထက်တင်၍ ဆက်ပြီး သော။ ၈၀၆ ခုစွဲ၊ စစ်ကိုင်းမြို့ထူပါရုံစေတီ ကျောက်စာ ၂၁၊ ၂၂။ ထိုသက်မြုန် ချင်း တို့မှာ ရခိုင် မြောက်ပိုင်းကို ဆိုလိုခြင်းဖြစ်သည်။
သက်မှာ ချက္ကမ၊ မြုန်မှာ တြိပူရီ၊ ချင်းမှာ တောင် နေ တိုင်းရင်းသားများကို ဆိုလိုဟန်ရှိပေသည်။ ထိုမြောက်ဦး ခေတ်တွင် ရခိုင်ဘုရင်များ အင်အားကြီး ထွားလာသောကြောင့် ဌာနေတိုင်း ရင်းသားများသည် ထိုရခိုင် ဘုရင် လက် အောက်သို့ကျရောက်ခဲ့ရ ပါသည်။ အခြားတဖက်တွင် စစ်တကောင်းရှိ သက်၊ မြုန်၊ ချင်းများအား ဆိုလို ခြင်း ဖြစ်နိုင်သည်ဟု တွေး တောမိပြန်သည်။
No comments:
Post a Comment