Tuesday 15 March 2022

ပဲခူးတိုင်းရှိ အရှိုချင်းအခြေနေ

   ပဲခူးတိုင်းဒေသကြီးအတွင်းမှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေရဲ့ စာရင်းအတိအကျ ကောက်ခံနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတခုကို ပေါက်ခေါင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။  

ပဲခူးတိုင်းထဲမှာ ချင်းတိုင်းရင်းသားတွေများစွာ ပျံ့နှံ့နေထိုင်ကြပေမယ့် နိုင်ငံတော် သတ်မှတ်ချက် လူဦးရေ မပြည့်မီတာကြောင့် တိုင်းရင်းသားရေးရာဝန်ကြီး တနေရာ မရှိခဲ့ပါဘူး။ အမှန်တကယ်က သတ်မှတ် လူဦးရေထက် ပိုနေတာကြောင့် အခုလို လူဦးရေစာရင်း အတိအကျသိရအောင် အခုလို လုပ်ဆောင်တာလို့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။  

ပေါက်ခေါင်းမြို့နယ်ထဲမှာ ချင်းကျေးရွာပေါင်း ၃၅ ရွာရှိပြီး ရပ်ကွက်တွေထဲမှာလည်း ပျံ့နှံ့နေထိုင်ကြကာ ချင်းတိုင်းရင်းသားလူဦးရေ ၁၅၀၀ဝ ကျော် လောက် နေထိုင်ကြတယ်လို့ ခန့်မှန်းပါတယ်။ ပဲခူးတိုင်း ချင်းစာပေနှင့် ယဥ်ကျေးမှု ကော်မတီ ဒုဥက္ကဋ္ဌ ဆလိုင်းအေးပိုင်က “ပဲခူးတိုင်းမှာ ကရင်လူမျိုးတွေက သတ်မှတ်ချက်ပြည့်တော့ တိုင်းရင်းသားရေးရာဝန်ကြီး တနေရာ ရှိတယ်။ 

လွတ်တော်စာရင်းအရ ချင်းတွေက ၄၃၁၁၂ ယောက်ပဲ ရှိတယ်။ ဒါကြောင့် ဝန်ကြီးနေရာလည်း မရခဲ့ဘူး။ ဒါတွေကြောင့် ကိုယ့်တိုင်းရင်းသားစာရင်းကို ကိုယ် အတိအကျသိဖို့၊ ဝန်ကြီး တနေရာစာ ရှိဖို့၊ ရိုးရာယဥ်ကျေးမှု ဓလေ့တွေကို ကာကွယ်စောင့်ထိန်းဖို့အတွက် အခုလို လုပ်တာ”လို့  ဒီဗွီဘီကို ပြောပါတယ်။  

အရှိုချင်း လူငယ်အစည်းအရုံး အတွင်းရေးမှူး မိုင်အေးအေးမာက “အခုကိစ္စလုပ်ဖို့အတွက် တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန လမ်းညှန်မှုနဲ့ ပြုလုပ်တာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ဖို့နဲ့ အထွေထွေ ကုန်ကျစရိတ်တွေကတော့ ကိုယ့်ဟာကိုယ် ငွေစုပြီး ကိုယ့်လုပ်အားနဲ့ကိုယ်လုပ်ရတာ” လို့ ပြောပါတယ်။

  ဒီနေ့ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းမှာပြုလုပ်တဲ့အခမ်းအနားကို မြို့နယ်ထဲက ချင်းကျေရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရွာခွဲခေါင်းဆောင်တွေ၊ ချင်းစာပေနှင့်ယဥ်ကျေးမှုကော်မတီ အဖွဲ့ဝင်တွေ၊ ချင်းတိုင်းရင်းသားစာပေ သင်ကြားရေးဆရာ၊ ဆရာမတွေ၊ AYA အရှိုချင်း လူငယ်အစည်းအရုံး အဖွဲ့ဝင်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ( မင်းညို | 24 May, 2018)

No comments:

Post a Comment