Wednesday 16 March 2022

ပလက်ဝသည် ချင်းပြည် (၂)

 ဗြိတိသျှကိုလိုနီလက်ထက်တွင် ယနေ့ Pakistan, India, Bangladesh, Sri Lanka နှင့် ပြည်ထောင်စု မြန်မာ နိုင်ငံ စသည့် နိုင်ငံများသည် ဗြိတိသျှ-အိန္ဒိယဟူ၍အုပ်ချုပ်မှုယူနစ်တစ်ခုအောက်၌ရှိခဲ့ကြသည်။အင်္ဂလိပ် လက်ထက် တွင် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယကို ဗြိတိသျှ-အိန္ဒိယနှင့် ဗြိတိသျှ-ဗမာဟူ၍ (Burma Act 1935 အတိုင်း) ခွဲခြမ်းခဲ့သည်။ 

 
ဗြိတိသျှသည် မတူကွဲပြားသော အကြောင်းများကြောင့်ယနေ့ || 
 
ပြည်ထောင်စု မြန်မာနိုင်ငံကို မတူကွဲပြားသော အုပ်ချုပ်ရေးစနစ်(၃)မျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ပထမစနစ် ဖြစ်သောMinisterial Burma (Proper Burmaဟူ၍လည်းခေါ်သည်။) အောက်တွင် တနင်္သာရီ၊ ရခိုင်၊ ပဲခူးနှင့် ဧရာဝတီဟူ၍တိုင်းဒေသ (၄) ခုရှိခဲ့သည်။ တောင်တန်းဒေသ (Frontier Areas) သို့မဟုတ် Scheduled Areas အောက်တွင် ရှမ်း၊ ကချင်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများပါဝင်သည်။ ကယား ပြည်နယ်သည် မည်သူ့ကိုလိုနီအောက်တွင်မျှ မရှိခဲ့သော်လည်း ဗြိတိသျှအစိုးရမှ စောင့်ရှောက်ခဲ့သော လွတ်လပ်သည့် တိုင်းပြည် အဖြစ်ရပ်တည်ခဲ့သည်။
 
တောင်တန်းဒေသများ (Frontier Areas)
 
ဗြိတိသျှမြန်မာကိုလိုနီအောက် တောင်တန်းဒေသဆိုသည်မှာ Ministerial or proper Burma ထဲတွင်မပါပဲ ကယားပြည်နယ်ကဲ့သို့လည်းလွတ်လပ်သောဒေသမဟုတ်သည့်ကျန်နယ်မြေများကိုဆိုလိုခြင်းဖြစ်သည်။တောင်တန်း ဒေသ (Frontier Areas) သက်မှတ်ခဲ့ရခြင်း၏နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိခဲ့သည်။ဗြိတိသျှမှ ယင်းတောင်တန်းဒေသကိုသိမ်းပိုက်စဉ်ကာလတွင် ဗြိတိ သျှနယ်ချဲ့များနှင့် သက်ဆိုင်ရာ တောင်တန်း ဒေသရှိခေါင်းဆောင်များအကြားသဘောတူညီချက် အတိုင်းစီမံခန့်ခွဲအုပ်ချုပ်ခြင်းဖြစ်သည်။ 
 
ထို့အပြင် တောင်တန်းဒေသတွင် နေထိုင်ကြသောလူမျိုးအချို့သည် ယင်းနယ်မြေနှင့် ဆက်စပ်လျက်ရှိသော မြေပြန့်ရှိတခြားလူမျိုးများအားသွားရောက်တိုက်ခိုက်လျက်ရှိသောကြောင့် တောင်တန်းဒေသတွင် နေထိုင် ကြသော လူမျိုးများမှ မြေပြန့်ဒေသဝင်ရောက်ကျူးကျော်တားဆီးနိုင်ရန်အလို့ငှာဥပဒေများပြုလုပ်ခဲ့သည်။ 
 
ချင်းလူမျိိုးများအတွက် Chin Hills Regulation Act (1896) ဟူ၍ဥပဒေတစ်ခု ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ အတိုင်း ဗြိတိသျှတို့ကအုပ်ချုပ်ခဲ့သည်။ ယင်းဥပဒေသည် Mizoram ပြည်နယ်ကိုသော်လည်းကောင်း၊ နာဂ တောင်တန်းကို သော်လည်းကောင်းလွှမ်းခြုံခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ယင်းဥပဒေကို အသုံးပြုပြီး အခြားလူမျိုးများတောင်ပေါ်ဒေသသို့ ဝင်ရောက်နေထိုင်ခြင်းကိုတားဆီးရန်အတွက် အသုံးပြုခဲ့သည်။ 
 
အိန္ဒိယနိုင်ငံရှိ Nagaland နှင့် Mizoram ပြည်နယ်တို့တွင်လည်း ၎င်းဥပဒေကို ယနေ့အထိဆက်လက် ကျင့်သုံး နေဆဲ ဖြစ်သည်။ တခြားလူမျိုးများမှ Nagaland နှင့် Mizoramပြည်နယ်သို့ သွားရောက်လိုပါက Inner Line Permit ရှိမှသာသွားရောက်လည်ပတ်ခွင့်ရှိသည်။ တောင်တန်းဒေသများသည် အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ တောင်တန်းဒေသများတွင် ဘုရင်ခံ၏အကြံပေးချက်ဖြင့် မိမိတို့၏ဓလေ့ ထုံးတမ်းအရ တင်မြှောက်သောသူကြီး (Traditional Chief) မှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ Ministerial Burma တွင်မူ ဗြိတိသျှ အစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည်။
 
တောင်တန်းဒေသတွင်နေထိုင်သောချင်းလူမျိုးများ||
ရှေးပဝေသနီကတည်းကပင်ချင်းလူမျိုးများသည်ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် အနှံ့အပြား နေထိုင် ခဲ့ကြသည်။ အချို့သည် မြေပြန့်၌သော်လည်းကောင်း (ဥပမာအားဖြင့်အရှိုချင်း)၊ အချို့သည် တောင်ပေါ် ဒေသ၌ သော်လည်းကောင်း၊ အချို့သည် မြစ်ချောင်းဘေး၌သော်လည်းကောင်း ပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တောင်တန်းဒေသ (Frontier Areas) ရှိချင်းလူမျိုးများကိုChin Hills Districtနှင့်Arakan Hill Tractsဟူ၍နယ်မြေနှစ်ခုခြမ်းပြီးအုပ်ချုပ်ခဲ့သည်။ 
 
Frontier Areas Committee of Enquiry 
 
(FACE)၏အစီရင်ခံစာအရ နေရာအကျယ်အဝန်းနှင့် လူဦးရေ (၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ)သည် အောက်ပါအတိုင်းဖြစ်သည်။ (ဤသန်းခေါင်စာရင်းသည် ၁၉၄၁ ခုနှစ်တွင် ကောက်ခဲ့သော သန်းခေါင် စာရင်း ဖြစ်သော်လည်းဒုတိယကမ္ဘာစစ်ကာလတွင် အချက်အလက်အားလုံးပျောက်ဆုံးခဲ့သဖြင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကိုအခြေခံပြီး ၁၉၄၁ ခုနှစ်တွင် လူဦးရေတိုးပွားလာနိုင်သည့်ထင်မြင်ချက်ဖြင့် ပြုစုခြင်း ဖြစ်သည်။)
 
Chin Hills District
နယ်မြေအကျယ်အဝန်း - ၁၀,၃၃၇ စတုရန်းပိုင်
လူဦးရေစုစုပေါင်း - ၁၈၆,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၁၈၃,၇၆၈ or ၉၈.၈%
အခြားလူမျိုးများ - ၂,၂၃၂ or ၁.၂%
“Kanpalet Subdivision in the south of the District has close ties with the neighboring Chin population in Ministerial Burma” ဟူ၍ ၎င်း၏အောက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် Chin Hills District အပြင် အချို့ချင်းလူမျိုးများသည်Ministerial Burma ထဲတွင် နေထိုင်ကြသည်ဟုဆိုနိုင်သည်။ 
 
Arakan Hill Tracts
 
နယ်မြေအကျယ်အဝန်း - ၃၅၄၃ စတုရန်းမိုင်
လူဦးရေ - ၃၄,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၂၅၇၇၂ or ၇၅.၈%
အခြားလူမျိုးများ - ၄၆၂၄ or ၁၃.၆%
ဗမာလူမျိုးအုပ်စု - ၃၅၇၀ or ၁၀.၆%
 
“The Burma Group of the population who are Arakanese Buddhists nearly all live in southern part the tract bordering to Arakan Division.” ဟူ၍ ၎င်း၏အောက်တွင် ထပ်မံရေးသားဖော်ပြထားသည်။ အခြားလူမျိုးများဟု သုံးနှုန်းသောစကားလုံးသည် မည်သည့်လူမျိုးကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း မသိ ရှိသော်လည်းArakan Hills Tract တွင် ရခိုင်လူမျိုးသည်စုစုပေါင်းလူဦးရေ၏ ၁၀% သာဖြစ်ကြောင်း ဖော်ပြထားသည်။ 
 
အထက်ပါအချက်အလက်များကိုကြည့်ရမည်ဆိုပါကသိသာထင်ရှားသည်မှာတောင်တန်းဒေသ (Frontier Areas) ရှိ “Arakan Hills Tract” ဟူသောဝေါဟာရသည် ပထဝီဆိုင်ရာအမည် ဝိသေသသာ ဖြစ်ပြီး ရခိုင် နယ်မြေနှင့် ပတ်သက်ခြင်းလုံးဝမရှိပေ။ Arakan Hills Tract သည် ချင်းပြည်အတွင်းတွင် တည်ရှိပြီး ဘိုးဘွား စဉ်ဆက် ကတည်းကပင် ချင်းလူမျိုးများနေထိုင်ရာနယ်မြေဖြစ်သည်။
 
တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာ
Frontier Areas Committee of Enquiry (FACE)
ပင်လုံစာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် စာချုပ်တစ်ခုတည်းကိုသာ ရည်စူးပြီးပြောဆိုဆွေး နွေးလျက် ရှိကြပါသည်။ ပင်လုံစာချုပ်သည် သီးသန့်ဖြစ်ရှိရပ်တည်သောစာချုပ် (Standalone Agreement) မဟုတ်ပဲအခြားစာချုပ်၊ စာရွက်စာတမ်းများနှင့် ဆက်နွယ်တည်ရှိသောစာချုပ်ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း သည် အင်္ဂလိပ်အစိုးရထံသို့ လွတ်လပ်ရေးတောင်းဆိုသောအခါ Proper Burma အတွက်သာ မဟုတ်ပဲ ဗြိတိသျှ-ဗမာတစ်ခုလုံးလွတ်လပ်ရေးရရှိရေးအတွက်တောင်းဆိုခဲ့သည်။ 
 
ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် Proper Burma သာကိုယ်စားပြုသည်ဖြစ်ပြီးတောင်တန်းဒေသ (Frontier Areas) ကိုကိုယ်စားပြုခြင်းမရှိခဲ့ချေ။ ရှမ်းစော်ဘွားများကဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် မိမိတို့လူမျိုးကို ကိုယ်စားပြုခြင်းမရှိခဲ့ကြောင်းဗြိတိသျှထံသို့သတင်းပို့ခဲ့ကြသည်။ထို့ကြောင့် ဗြိတိသျှ-ဗမာလွတ်လပ်ရေးနှင့် ပတ်သက်၍တောင်တန်းဒေသ (Frontier Areas) ရှိ အခြားလူမျိုးများ၏ သဘောထားနှင့် ရွေးချယ်မှု အတွက်သော်လည်းကောင်း၊ ကြားဖြတ်အစိုးရကိစ္စနှင့်သော်လည်းကောင်း၊ အခြားကိစ္စနှင့် သော်လည်း ကောင်း သိရှိနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအောင်ဆန်း-အက်တလီစာချုပ် (အပိုဒ်-၈) တွင် ထည့်သွင်း ရေးသားခဲ့သည်။ 
 
ပင်လုံစာချုပ်သည် ဗမာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ(Frontier Areas) တွင်နေထိုင်ကြသောလူမျိုးများ၏ ကိုယ်စားလှယ်ခေါင်းဆောင်များအကြား ချုပ်ဆိုထားသော သဘော တူညီချက် ဖြစ်သည်။ 
 
Frontier Areas Committee of Enquiry 
 
(FACE) ကိုလည်းအောင်ဆန်း-အက်တလီစာချုပ်အရဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ Frontier Areas Committee of Enquiry (FACE) ၏အဓိကရည်ရွယ်ချက်မှာတောင်တန်းဒေသ (Frontier Areas) တွင် နေထိုင်ကြသော လူမျိုးများသည် Proper Burma နှင့် မည်ကဲ့သို့ ပူးပေါင်းမည်နည်း၊ အတိုချံူးအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းရမည့်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် စုံစမ်းခြင်းဖြစ်သည်။
 
Frontier Areas Committee of Enquiry 
 
(FACE)သည် တောင်တန်းဒေသ (Frontier Areas)မှကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကိုရန်ကုန်မြို့နှင့် မေမြို့တွင်ပြုလုပ်ကျင်းပခဲ့သည်။ Chin Hills District ကိုယ်စားလှယ်များကိုမေမြို့၌တွေ့ဆုံခဲ့ပြီးArakan Hills Tract မှ ကိုယ်စားလှယ်များအားရန်ကုန်၌တွေ့ဆုံခဲ့သည်။ 
 
Frontier Areas Committee of Enquiry 
(FACE)သည် Arakan Hills Tract မှကိုယ်စားလှယ်များအားအောက်ပါအတိုင်းအဖွဲ့ (၄) ဖွဲ့ခွဲ၍တွေ့ဆုံခဲ့သည်။
(က) Khumi and Lakher Chins- 1) Htat Ling 2) Tung Aung 3) HtinKon
4) Pat Wai 5) Theitu
(ခ) LanpuMro Chins: 1) Lampu
(ဂ) MuangHmyarLemro Chin: 1) MangHmyar
(ဃ) Arakan Hills Tract A.F.P.F.L: 1) TunMra 2) Saw Hla
Frontier Areas Committee of Enquiry (FACE) ၏အစီရင်ခံစာကိုအတိုချံူးအားဖြင့်ဖော်ပြရသော် “Arakan Hills Tract မှ ချင်းလူမျိုးကိုယ်စားလှယ်များသည် Chin Hills District နှင့်ပူးပေါင်းရန်လိုလားသည်။
 
 မြောက်ပိုင်းချင်းလူမျိုးများ၏ တင်ပြချက်များအတိုင်းသဘောတူသည်။ ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ်ရပ်တည်မည်ဆိုပါကလည်းကန့်ကွက်ရန်မရှိပါ။ သို့ရာတွင်Akyab (စစ်တွေ) District နှင့်ပူးပေါင်းရန်ကိုမူ လုံးဝကန့်ကွက်သည်” ဟူ၍တင်ပြခဲ့ကြသည်။ ထို့အပြင် Khumi နှင့် Lakher Chins ကိုယ်စားလှယ်များမှ ဆက်လက်တင်ပြရာတွင် “ဤတွေ့ဆုံဆွေးနွေးပွဲသို့ မရောက်လာခင် မိမိတို့ဒေသ၏ ဌာနချုပ်ဖြစ်သော ပလက်ဝတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးယင်းတွေ့ဆုံပွဲတွင် Akyab (စစ်တွေ) district နှင့်မပူးပေါင်းရန် လူထုမှ သဘောတူဆုံးဖြတ်ခဲ့ကြသည်။” ဟုထည့်သွင်း ပြောကြား ခဲ့ကြသည်။
 
သို့သော်Arakan Hills Tract A.F.P.F.Lမှတင်ပြရာတွင် “ကျွန်ုပ်တို့သည် ဗမာအဖွဲ့ဖြစ်သော ရခိုင်လူမျိုးများ ဖြစ်ကြသည်။ Burma Ministerial နှင့်ပူးပေါင်းရန်လိုလားသည်။ မိမိတို့အတွက် သီးသန့်ခရိုင် ဖွဲ့စည်းရန် မလိုအပ်ပါ” ဟု ၎င်းတို့၏ သဘောထားကိုတင်ပြခဲ့ကြသည်။ 
 
(တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာစာမျက်နှာ ၉၂-၉၈)
အထက်ပါတောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာကိုကြည့်ရှုပါကArakan Hill Tract ရှိချင်းလူမျိုးများသည် တခြားဒေသတွင်နေထိုင်သောချင်းလူမျိုးများနှင့်အတူတကွ ပူးပေါင်းနေထိုင်ရန် ဆန္ဒရှိကြသည်။သို့သော် ရခိုင်လူမျိုးများကမူဗမာလူမျိုးများနှင့်အတူနေထိုင်ရန်တင်ပြခဲ့ကြသည်။ ဒုတိယ အနေဖြင့် ပလက်ဝသည် Arakan Hills Tract ရှိချင်းလူမျိုးများ၏အဓိကဌာနချုပ်အဖြစ် သက်မှတ်ခဲ့ကြသည်။ 
 
Akyab (စစ်တွေ) district သို့မဟုတ် ရခိုင်နှင့် ပူးပေါင်းနေထိုင်ရန် ခေါင်းဆောင်ကိုယ်စားလှယ်များ သာမက လူထုကလည်းမလိုလားခဲ့ကြပေ။ တတိယအနေဖြင့် Frontier Areas Committee of Enquiry (FACE) နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသောချင်းလူမျိုးကိုယ်စားပြုခေါင်းဆောင်များသည်Ram UkBawi (Traditional Chief) ဖြစ်ကြသော်လည်း၊ ရခိုင်လူမျိုးကိုယ်စားပြုကိုယ်စားလှယ်များသည် A.F.P.F.L ပါတီ ကိုယ်စားပြုကိုယ်စားလှယ်များသာဖြစ်ကြသည်။ 
 
၎င်းတို့သည်ကိုယ်စားပြုမှုအဆင့်အတန်းအရလည်းကွာခြားကြသည်။ Arakan Hills Tract ၌နေထိုင်ခဲ့သော ရခိုင်လူမျိုးများသည် ကုလားတန်မြစ် ကမ်းနံဘေးတစ်လျှောက်တွင် နေထိုင်ကြပြီး ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများဖြစ်ကြပြီး၊ မြို့ရွာအတည်တကျ တည်ထောင်ခြင်းမရှိပဲရွှေ့ပြောင်းသွားလာသူများဖြစ်သောကြောင့် Traditional Chief လည်းမရှိပေ။
 
နိဂုံးချုပ်
အင်္ဂလိပ်လက်ထက်မတိုင်မီ ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းအရ သော်လည်းကောင်း၊ အင်္ဂလိပ် အုပ်ချုပ်မှုသမိုင်းအရသော်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအရသော်လည်းကောင်း-
(က) ရခိုင်လူမျိုးများသည် ၁၇၈၄ နောက်ပိုင်းတွင် တိုင်းပြည်မဲ့ဘဝသို့ရောက်ရှိခဲ့သည်။
(ခ) Arakan Hills Tract သည် ပထဝီအမည်ဝိသေသသာဖြစ်ပြီးရခိုင်အုပ်ချုပ်သောသို့မဟုတ် ရခိုင်နယ်မြေနှင့် လုံးဝသက်ဆိုင်ခြင်းမရှိခဲ့ပေ။
(ဂ) ယနေ့ချင်းပြည်နယ်နယ်နိမိတ်သည် Chinlandတစ်ခုလုံးကိုလွှမ်းခြုံခြင်းမရှိပေ။
(ဃ) မိမိတို့ချင်းလူမျိုးများကိုတောင်တန်း၊မြစ်ချောင်း၊ အင်းအိုင်များကသော်လည်းကောင်း၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကသော်လည်းကောင်းတခြားလူမျိုးများကသော်လည်းကောင်းခွဲခြမ်းနိုင်မည်မဟုတ်ပေ။
 
တနည်းအားဖြင့် ဖော်ပြရပါကပလက်ဝသည် ရခိုင်နှင့် ပထဝီအရသော်လည်းကောင်း၊ မျိုးရိုးဇာတိအရ သော်လည်းကောင်း၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းအရသော်လည်းကောင်းဆက်နွယ်မှုလုံးဝမရှိပေ။ ထို့ကြောင့် ပလက်ဝသည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှစပြီးယနေ့ထိတိုင် Chin Special Division/Chin State တွင်ပါဝင် နေခြင်းဖြစ်သည်။ ရခိုင်လူမျိုးများသည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးမှသာ ပြည်နယ် ရရှိခဲ့ခြင်းဖြစ်သည်။ ပလက်ဝသည်ချင်းပြည်။ ( Dr.Suikhar)

No comments:

Post a Comment