Tuesday 15 March 2022

ချင်းရိုးရာ ခွါဒိုပွဲတော်(အပိုင်း ၁)

ခွာဒိုပွဲတော်သည် ချင်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည်။ ခွာဒိုပွဲတော်သည် ချင်းလူမျိုး တို့၏ ရိုးရာပွဲတော်များအနက် အထူးအရေးပါဆုံးနှင့် အမြင့်မြတ်ဆုံးပွဲတော်ဖြစ်သည်။ ခွာဒိုပွဲတော်ကို ရွာလုံး ကျွတ် စုပေါင်းကျင်းပလေ့ရှိသည်။ အဆင့်အတန်းမရွေး၊ ဘာသာမရွေး စုပေါင်းတာဝန်ယူကာ စုပေါင်း ကျင်းပ လေ့ ရှိသည်။ ရိုးရာချာဒို (khuado) ပွဲတော်ကို ကျေးလက်ဒေသများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရိုးရာ အစဉ်အလာ မပြတ် နှစ်စဉ်တစ်ကြိမ် ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်ပါသည်။

 

တောင်ယာသီးနှံများ တစ်နှစ်တာ ရိတ်သိမ်းပြီးစီးမှုအောင်ပွဲ၊ ရွာသူရွာသားများ ကျန်းမာပျော်ရွှင်ရေးနှင့် အနာရောဂါဘယ ကင်းဝေးစေရန်၊ ရာသီဥတု ကောင်းမွန်မှန်ကန်ပြီး တောင်ယာသီးနှံများ အထွက်တိုး အောင်မြင်စေရန်၊ ရွာတွင်းမှ မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို နှင်ထုတ်ပြီး၊ အန္တရာယ်ကင်းဝေးစေရန်၊ အေးချမ်းသာယာစွာ နေထိုင်စားသောက်နိုင်ရန်နှင့် စိတ်သစ်ကိုယ်သစ်ဖြင့် ပျော်ရွှင်စွာ နှစ်သစ်သို့ ကူးပြောင်း ရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြခြင်း လည်းဖြစ်ပါသည်။

 

 ပွဲတော်ကျင်းပချိန်(ခွာဒိုရာသီကာလ)

 

ခွာဒိုပွဲတော်ကျင်းပချိန်သည် ကျေးရွာဒေသ တစ်နေရာနှင့်တစ်နေရာ မတူပါ။ ဆပ်ဆန်၊ ပြောင်းဖူးစိုက်ပျိုးသည့် ကျေးရွာများ၌ စက်တင်ဘာလတွင် စတင်ကျင်းပပြီး စပါးစိုက်ပျိုးသော ကျေးရွာဒေသများ၌ ခွာဒိုပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။ ခွာဒိုပွဲတော်ကို နေရာဒေသ အသီးသီးတွင် စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများ၌ အသီးသီးကျင်းပခဲ့ကြသည်။ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလကို ခွာဒိုရာသီကာလဟုခေါ်သည်။ တစ်ရွာနှင့် တစ်ရွာ အပြန်အလှန်ဖိတ်ကြားကာ စုပေါင်း ကျင်းပခဲ့ကြသည်။

 

ချင်းရိုးရာချာဒိုပွဲတော်ကို ဒေသအလိုက် အမျိုးမျိုး ခေါ်ဆိုသုံးစွဲကြသည်။ တီးတိန်မြို့နှင့် တွန်းဇံမြို့နယ်တို့တွင် ကွမ်ခင့် (Kum Khen)၊ တုမ်တွန့် (Tuk Tun)၊ ခွာဒို (Khua Do)၊ ဖလမ်း မြို့နယ်တွင် ဒေါင်သွေး (Dong Pui)၊ ဖန်အဲရ် (Fang Er)၊ တာရ်ကျင်း (Thar Can)၊ ဒေါင်းဆောင်း (Dawng Sawng)၊ ဟားခါးမြို့ နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် ထာအို (Tho)၊ မတူပီမြို့နယ်တွင် ခိုသူး (Kho Tu)၊ ကျာန်‌ဇောမ် (Cang Zom)၊ ခေနွှာကယ်ပ (Khei Na Ke Pa)၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက် မြို့နယ်တို့တွင် ကွမ်စီး (Kum Ci)၊ ထားမက (Htaim Kai)၊ ပလက်ဝမြို့နယ်တွင် တအိုင်စား (Ta Ai Sa) ဟူ၍ ဒေသအလိုက် အမျိုးမျိုးခေါ်ဆိုသုံးစွဲကာ ပွဲတော်ကျင်းပကြသည်။ 

 

ဤကဲ့သို့ ဒေသအလိုက် အသုံးအနှုန်းများ၊ ကွဲပြားမှုရှိသော်လည်း ခွာဒိုပွဲတော်၏ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် ပွဲတော်ကျင်းပရခြင်း၏ အကြောင်းရင်းတို့မှာမူ ကွဲပြားခြားနားခြင်းမရှိကြပေ။ ချင်းလူမျိုးများသည် ဒေသအလိုက် ဘာသာစကား ကွဲပြားမှုရှိသော်လည်း ဓလေ့ ထုံးစံနှင့် ယုံကြည်မှု အယူဝါဒများသည် အခြေခံ အားဖြင့် တူညီမှုရှိကြသည်။ ။

 

ချင်းရိုးရာခွါဒိုပွဲတော် (ခေါ်) နှစ်သစ်ကူးပွဲတော်သည် ရာသီပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဓိက တောင်ယာသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။ ရာသီဥတု၊ ရေမြေ သဘာဝ၊ ပထဝီ အခြေအနေအရ တောင်ယာသီးနှံရိတ်သိမ်းချိန်သည် တစ်နေရာနှင့် တစ်နေရာ မတူညီကြချေ။ ထို့ကြောင့် ခွာဒိုပွဲတော်ကို အစောဆုံး စက်တင်ဘာလမှ နောက်အကျဆုံး ဒီဇင်ဘာလအထိ နေရာဒေသ အလိုက် ကျင်းပလေ့ရှိကြသည်။

 

ခွာဒို၏အနက်အဓိပ္ပာယ် ရှေးအခါက ချင်းလူမျိုးများသည် ဤစကြဝဠာတစ်ခုလုံးကို ကောင်းကင်ဘုံ (Vantung) ၊ လူ့ကမ္ဘာ့ဘုံ  (Leitung) နှင့် မြေအောက်ဘုံ (Leinuai) ဟူ၍ လောကကြီးကို ဘုံသုံးဆင့်ဖြင့် တည်ဆောက်ထားသည်ဟု ယူဆကြသည်။ လူ့ပြည်၊ လူ့ရွာ၊ လူ့ကမ္ဘာဘုံကို ခွာ (khua)ဟု ခေါ်ဆိုသည်။ တန်ခိုးရှင်ဘုရားများနှင့် ကွယ်လွန်သူများ၏ ဝိညာဉ်များက စောင့်ရှောက်ကြသည်ဟု ယုံကြည်သည်။ ဒို (DO) ၏ အဓိပ္ပာယ်မှာ နှစ်မျိုးရှိသည်။ ဒို၏ အနက်အဓိပ္ပာယ်တစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ဖော်ရွေပျူငှာစွာ ဧည့်ဝတ်ပြုခြင်း၊ ကျွေးမွေး ဧည့်ခံပြုစုခြင်း၊ ရပ်နီးရပ်ဝေးမှ ဧည့်သည် လက်ခံ၍ ကျွေးမွေးပြုစု စောင့်ရှောက်ခြင်းဖြစ်ပြီး ဒို၏အနက်အဓိပ္ပာယ်တစ်မျိုးမှာ တိုက်ခိုက် ချေမှုန်းခြင်း၊ နှင်ထုတ်ခြင်း၊ ကြံ့ကြံ့ခံ၍ ခုခံခြင်း ပင်ဖြစ်သည်။

 

ခွာဒိုပွဲတော်၏ အနက်အဓိပ္ပာယ်မှာ တောင်ယာသီးနှံများ အောင်မြင်စွာ ရိတ်သိမ်းပွဲတော်တွင် ခဲဘွယ်ဘောဇဉ် စားဖွယ် သောက်ဖွယ်ရာများဖြင့် ကွယ်လွန်သူများ၏ ဝိညာဉ်များကို ပူဇော်ဆက်ကပ်ခြင်း၊ တန်ခိုးရှင်ဘုရားများအား ပူဇော်ပသခြင်း၊ ဆုတောင်းမေတ္တာ ပို့ခြင်း၊ ရွာထဲမှ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ နှစ်သစ်တွင် ကျန်းမာပျော်ရွှင်ရေး၊ ရာသီဥတု ကောင်းမွန်မှန်ကန်၍ တောင်ယာသီးနှံများ အောင်မြင် ဖြစ်ထွန်းရေး၊ ရပ်နီးရပ်ဝေးမှ ဧည့်သည်များ ဧည့်ခံပြုစု ကျွေးမွေးရေးတို့အတွက် အလှူမင်္ဂလာ ဆုတောင်း ပွဲတော်ကြီးကို အဆို၊ အကများဖြင့် တစ်ရွာလုံးတပျော် တပါး စုပေါင်းကျင်းပခြင်းကို ဆိုလိုပေသည်။

 ပွဲတော်ရက်သတ်မှတ်ခြင်း၊ ခွာဒိုပွဲတော်တွင် ပွဲတော်ကျင်းပမည့်ရက်ကို အနည်းဆုံး တစ်ပတ်ခန့် ကြိုတင်သတ်မှတ်၍ ကြေညာသည်။ ပွဲတော်ရက်သတ်မှတ်ရန်အတွက် ရွာသူကြီး (သို့မဟုတ်) နတ်ဆရာ (Siampu) အိမ်တွင် ရွာလူကြီးများ စုဝေးတိုင်ပင်ပြီး နေ့ရက်သတ်မှတ်ခဲ့ကြသည်။ ယင်းနေ့ရက်ကို ရွာသူကြီး (သို့မဟုတ်) နတ်ဆရာ (Siampu)မှ ကြေညာပေးသည်။ တချို့သော နေရာဒေသများတွင် (Tulpi)ခေါ် ဆွေမျိုးစု နတ်ဆရာအကြီးအကဲ၏ သဘောတူခွင့်ပြုသည့် ရက်များ၌သာ ကျင်းပသည်။ ရွာသားများသည် ပွဲတော် ကာလတွင် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြသည်။ 

 

ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တာဝန်ခွဲဝေမှု

 

ခွာဒိုပွဲတော်သည် ရွာလုံးကျွတ်ပွဲတော်ဖြစ်သဖြင့် တစ်ရွာလုံးမှ စုပေါင်းတာဝန်ယူကြရသည်။ ပွဲတော်အတွက် လိုအပ်သော ဆန်၊ ဆပ်ဆန်၊ အောင်လောက်၊ လူး၊ ဆပ်၊ ကောက်ညှင်းဆန်၊ ခေါင်ရည်၊ ကြက်၊ ဝက်၊ နွား စသည်တို့ကို တစ်ရွာလုံးမှာ စုပေါင်းရှာဖွေကြသည်။ ပွဲတော်အတွက် ကြက်၊ ဝက်၊ နွားများ မွေးထားကြသည်။ အမျိုးသမီးများသည် ထင်းရှာခြင်း၊ ရေခပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဧည့်ဝတ်ပြုခြင်းတို့၌ တာဝန်ယူကြရသည်။

 

 ယောက်ျားများက မဏ္ဍပ်ဆောက်ခြင်း၊ အတီး အမှုတ် တူရိယာပစ္စည်းများ၌ တာဝန်ယူကြသည်။ ပွဲတော်ရက် နီးကပ်လာသည့်အခါတွင် ရေတွင်းရေကန်များ၊ လမ်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြသည်။ ထင်းရှူးဆီသားများကို ရှာဖွေစုဆောင်းထားသည်။ ရွာတွင်းရှိ နတ်ကွန်းများနှင့် ရွာပြင်ရှိ နတ်ကွန်း (khua mual)များကို သန့်ရှင်းရေး ပြုလုပ်ကြသည်။

 

 

ပွဲတော်အမျိုးအစား

 

တချို့ဒေသများတွင် ခွာဒိုပွဲတော်ကို ဒိုနို ပွဲတော် (Dono Pawia) နှင့် ဒိုပီးပွဲတော် (Dopi Pawi)ဟူ၍ နှစ်မျိုးရှိသည်။ ဒိုပီးပွဲတော်ကို သုံးနှစ်တစ်ကြိမ် ကျင်းပသည်။ လေးရက်ကြာ ကျင်းပသည်။ ပထမနေ့တွင် ပျားအုံဖွပ်ခြင်း မပြုလုပ်ဘဲ၊ ဒုတိယနေ့တွင် ပျားအုံဖွပ်ရသည်။ တတိယနေ့တွင် ရွာလယ်နတ်ကွန်း၌ လက်ဆုံစားသောက်ကြသည်။ နတ်ဆိုးများ မောင်းထုတ်သည့်ညတွင် ရွာလယ်နတ်ကွန်း (Khuatual) သို့ဖြစ်စေ၊ ဒုတိယမြောက်နေ့တွင် ပျားအုံများ ယူဆောင်ကာ ရွာဦးနတ်ကွန်း (Khuamual) သို့ သွားရာတွင်ဖြစ်စေ၊ အမျိုးသမီးများ လိုက်သွားခွင့်ရှိသည်။ 

 

ဒိုပီးပွဲတွင် ကျား၊ မ မရွေး အားလုံးသည် နတ်ဆရာအိမ်မှ စုရုံးပြီး၊ အတီး အမှုတ်၊ အကအခုန်ဖြင့် နတ်ကွန်းသို့သွားကြပြီး နတ်ဆိုးများကို မောင်းထုတ်ကြရလေသည်။ နတ်ကွန်း၌ တစ်ညလုံး သီဆိုကခုန်ကြသည်။ ရွာလယ်နတ်ကွန်းတွင် ခုနှစ်ည သီဆိုကခုန်ကြ သည်။ဒိုနိုပွဲ (Dono Pawi) ကို သုံးရက်ကြာ ကျင်းပသည်။ အမျိုးသမီးများ ပါဝင်ခွင့်မရှိပါ။ ပွဲတော် ပထမနေ့ညတွင် လူငယ်များသည် ပျားအုံဖွပ်ရန် သွားကြလေသည်။ ရွာလယ် နတ်ကွန်းတွင် သုံးညသီဆိုကခုန်ကြလေသည်။

 mdn

 

 

 

 

 

No comments:

Post a Comment