Wednesday 16 March 2022

ပလက်ဝသည် ချင်းပြည် (By Dr. Sui Khar)

 နိဒါန်း

Arakan Army (AA) ပေါ်ပေါက်လာပြီးနောက်အထူးသဖြင့် AA နှင့် စစ်တပ်တိုက်ပွဲဖြစ်လာပြီးနောက် ရခိုင် လူမျိုးများသည် ပလက်ဝကိုမိမိတို့၏နယ်မြေဖြစ်သည်ဟုပြောဆိုခဲ့ကြသည်။ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည် ယခု၌သာမဟုတ်ပဲ ယခင် ကတည်းကပင် ဖြစ် သည်။ Free Ranger Burma (FRB) မှ ထုတ်ဝေသော ၎င်းတို့၏ လှုပ်ရှားမှု စာစောင်တွင် ပလက်ဝသည် ရခိုင်ပြည်နယ်ဖြစ်သည်ဟု ဖော်ပြခဲ့ဖူးသည်။ 
 
မိမိတို့ချင်းလူမျိုးမဟုတ်သောတခြားလူမျိုးများမှ FRB ကိုယင်းသို့ဖော်ပြခြင်းသည် မှားနေကြောင်း ထောက်ပြ ပြီးသည့် နောက်ပိုင်းတွင် FRB မှထုတ်ဝေသောစာစောင်တိုင်းတွင် ပလက်ဝသည် ချင်းပြည်နယ်ဖြစ်သည်ဟု ပြန်လည်ရေးသားဖော်ပြသည်။ AA သည် ပလက်ဝမြို့နယ်ရှိ အချို့သော ကျောင်းများ ၏ ဆိုင်းဘုတ်တွင် ရေးထားသောချင်းပြည်နယ်ကို ပယ်ဖျက်ပြီး ရခိုင်ပြည်နယ်ဟု အစားထိုး ရေးသား ခဲ့ကြသည်။
 
မကြာသေးမှီကာလတွင် Panglong မြို့၌ကျင်းပသော Ethnic Youth Conference တွင် Arakhan National Party ခေါင်းဆောင်တစ်ဦးဖြစ်သောဒေါက်တာအေးမောင်မှ “၁၉၅၃-၅၄ ခုနှစ်တွင် မိမိတို့ ရခိုင်လူမျိုးများ၏ တောင်တန်းဒေသဖြစ်သော ပလက်ဝကို Chin Special Division သို့လွှဲအပ်ခဲ့သည်” ဟုပြောကြားခဲ့သည်။ 
 
Facebook ပေါ်တွင်သော်လည်းကောင်း၊ အခြားမီဒီယာများတွင် သော်လည်းကောင်း ဖတ်ရှုပါက စိတ်စွ ဖွယ်ရာ ကောင်းလှပါသည်။ ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏ နယ်မြေဖြစ်သည်ဟု အဓိက ကိုင်စွဲ ထားသော အချက်မှာ “ပလက်ဝသည် ArakanHills Tract အတွင်းတွင် တည်ရှိသည်” ဟူ၍ဖြစ်သည်။ ရခိုင် ဘုရင်လက်ထက်တွင် တည်ရှိခဲ့သည်ဟူ၍လည်း တချို့လူတွေက ပြောကြသည်။
 
 
အင်အားကိုအသုံးပြုသောစနစ် (Might is right)
“Might is right” ဆိုသည်မှာအတိုချံူးအားဖြင့် “အင်အားကြီးသောသူမှ တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ သူလုပ်ချင်သောအရာအားလုံးကိုအင်အားသုံး၍လုပ်ပိုင်ခွင့်ရှိသည်”ဟုဆိုလိုသည်။တခြားနည်းဖြင့် ဖော်ပြမည်ဆိုပါကအင်အားအသုံးပြုပြီးအုပ်ချုပ်မင်းမူသောစနစ်ကိုဆိုလိုခြင်းဖြစ်သည်။
 
ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်အထိ “Might is right” စနစ်ကိုကမ္ဘာတစ်ဝှမ်းတွင်ကျင့်သုံးခဲ့သည်။ ပြည်ထောင်စု မြန်မာသမိုင်းကို လေ့လာကြည့်ပါကလည်း အင်အားကြီးသော လူမျိုးမှအင်အားနည်းသော လူမျိုးကို သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။
 
ရခိုင်လူမျိုးများသည်လည်းကိုယ့်မင်းကိုယ့်ချင်းဖြင့်အုပ်ချုပ်သောတိုင်းပြည်ရှိခဲ့သော်လည်းဗြိတိသျှလက်ထက်မတိုင်မီ ၁၇၈၄ ခုနှစ်တွင် ဗမာ့ဘုရင်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဗြိတိသျှနှင့်ဗမာတိုက်ပွဲ (First Anglo-Burmese War) ကာလတွင် ရခိုင်ပြည်နယ်ကိုဗမာ့ဘုရင် စစ်ရှံူးကြေး (War Reparation) အဖြစ် အင်္ဂလိပ်လက်ထဲသို့ ပေးအပ်ခဲ့သည်။ ဤသို့ဖြင့် ၁၈၂၆ခုနှစ်တွင် ရခိုင်ပြည်နယ်သည် အင်္ဂလိပ် လက်အောက်တွင် တစ်ဖန်ရောက်ရှိ ခဲ့သည်။ 
 
အင်္ဂလိပ်လက်ထက်မတိုင်မီယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်ကြသောလူမျိုးများအနက် မွန်နှင့် ရခိုင်များ မှအပတခြားလူမျိုးများသည် ကိုယ့်မင်းကိုယ့်ချင်းစနစ်ဖြင့်အုပ်ချုပ်သောလွတ်လပ်သည့်နိုင်ငံများ ဖြစ်ခဲ့ကြသည်။ အင်္ဂလိပ်သည် သီပေါမင်းအုပ်ချုပ်ခဲ့သောဗမာပြည်ကို ၁၈၈၅ ခုနှစ်တွင် အပြီး တိုင်သိမ်းပိုက် ခဲ့သည်။သီပေါမင်းကိုလည်းဖမ်းဆီးခဲ့ပြီးအိန္ဒိယနိုင်ငံသို့ပြည်နှင်ဒဏ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စု မြန်မာ နိုင်ငံတွင်နေထိုင်ကြသောတခြားလူမျိုးများကိုလည်းအင်္ဂလိပ်မှတဆင့်ပြီးတဆင့်တိုက်ခိုက်ခဲ့သည်။ မိမိတို့ချင်းလူမျိုးများကိုလည်း ၁၈၉၀ ခုနှစ်မှ စတင်၍ တိုက်ခိုက်ခဲ့သည်။
 

No comments:

Post a Comment