Tuesday, 15 March 2022

ချင်းရိုးရာ ခွါဒိုပွဲတော် (အပိုင်း ၂)

 အသုံးပြုသည့် ရိုးရာတူရိယာပစ္စည်းများ

 ခွာဒိုပွဲတော်ကျင်းပသည့် ရက်ကာလများတွင် သံစုံဝါးပုလွေ (Phitt) ၊ ဗုံ (Khuang) မောင်း (Zam)၊ မောင်းစုံတွဲ (Daakbu) များကို တီးမှုတ်ကာ သီဆိုကခုန်ကြသည်။ ခွာဒိုပွဲတော်တွင် ရှေးရိုးရာ သီချင်းများဖြစ်ကြသည့် ခွာဒိုပွဲတော်သီချင်းများ လူကြီးသူမ ဆုံးမစာ သီချင်းများ ပုလွေမှုတ် (Phit Laam) အက၊ ပျားအုံအက၊ စုပေါင်းအက (Laam Vui)၊ ဒတ်လမ်း (Daak Laam) အကစသည့် အက မျိုးစုံဖြင့် ပျော်ပျော်ပါးပါး သီဆိုကခုန်ကြသကဲ့သို့ ပွဲတော်၏ နေ့လယ်နေ့ခင်းများတွင် ပျော်ပွဲ ရွှင်ပွဲများအဖြစ် လွန်ဆွဲပွဲ၊ နပန်းပွဲများ၊ ကျောက်တုံး ပစ်ပွဲများ တပျော်တပါး ကျင်းပလျက်ရှိသည်။ 

 

ခွာဒိုပွဲကျင်းပရန် တစ်ပတ်ခန့် အလိုတွင် သံစုံဝါးပုလွေ (Phitt)များကို ပြုလုပ်ကာ နတ်ဆရာအိမ် (သို့မဟုတ်) လူငယ်ဂေဟာ ပိုင်ရှင်အိမ် (Haamneite)၌ မှုတ်၍ လေ့ကျင့်ကြသည်။ သံစုံဝါးပုလွေတစ်စုံတွင် အနည်းဆုံး ဝါးပုလေွ ရှစ်ခုရှိပြီး အသံလေးမျိုးဖြင့် ပြုလုပ်ထားသည်။ လူဦးရေပေါ်မူတည်၍ ဝါးပုလွေကို သုံးစုံအထိ ပြုလုပ်ထားသည်။ ပျားအုံ သယ်ယူရာတွင်လည်း ဝါးပုလွေသံစုံများကို ဗုံ၊ နွားနောက်ချိုတို့နှင့်တွဲ၍ တီးမှုတ် သီဆိုကာ ဖစ်လမ်းအက (Phitlam) ကခုန်ပြီး ရွာနတ်ကွန်းသို့ ပြန်လာကြပါသည်။

 

ခွာဒိုပွဲတော်ကို ဒေသအခြေအနေနှင့် စီးပွားရေးအခြေအနေအရ အနည်းဆုံး နှစ်ရက်မှ အများဆုံး ခုနှစ်ရက်အထိ ကျင်းပကြသည်။ အများစုသည် ခွာဒိုပွဲတော်ကို တစ်မျိုးတည်းသာ ကျင်းပလေ့ရှိသည်။ ပထမနေ့တွင် အိမ်နီးနားချင်းအလိုက်ဖြစ်စေ၊ ဆွေမျိုးစုအလိုက်ဖြစ်စေ ကြက်၊ ဝက်၊ နွား စသည်တို့ဖြင့် စုပေါင်းစား သောက်ပွဲများ ကျင်းပကြသည်။ စားသောက်ပွဲ ပြီးသွားသည့်အခါ အတီးအမှုတ်များ၊ သီဆို ကခုန်မှုများကို တပျော်တပါး ကျင်းပကြသည်။ ဇိုမီးတိုင်းရင်းသားတို့၏ ရာသီပွဲများအနက် ခွာဒိုပွဲတော်သည် ပျော်ရွှင်မှု အရှိဆုံးပွဲတော် ဖြစ်သည်။ ခွာဒိုပွဲတော် ကျင်းပသော အစီအစဉ်တွင် ပျားအုံယူပွဲလည်း ပါဝင်သည်။ 

 

ရွာရှိ လူပျို၊ လူရွယ်တို့သည် တောအတွင်းသို့ ဝင်၍ ပျားအုံရှာဖွေကြရသည်။ ပျားအုံရရှိသော အခါ အိုးစည်၊ ဗုံမောင်းတီး၍ အဆိုအကများဖြင့် တပျော်တပါး မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ရွာသို့ ဝင်လာကြသည်။ အချို့သေနတ်ရှိသော ရွာများတွင် သေနတ်ပစ်ဖောက်၍ ပျားအုံကို သယ်ဆောင်လာကြသည်။ ပျားအုံ သယ်ဆောင်လာသော လူပျို၊ လူရွယ်များကို ရွာရှိအပျိုအရွယ်များက ရွာအဝင်ရှိ မွာလ် (ခေါ်) နားနေစခန်းမှ ခေါင်ရည်ဖြင့် ကြိုဆို တိုက်ကျွေးကြသည်။ ရွာလယ်နတ်ကွန်း (သို့) ပွဲကျင်းပရာအိမ်သို့ ရောက်သောအခါ တိုင်တစ်တိုင်ပေါ်၌ ပျားအုံ ကိုချိန်ဆွဲ၍ နတ်ဆရာသည် ပျားများကဲ့သို့ ရွာသူ ရွာသားများ ညီညီညွတ်ညွတ်နှင့် စုစုစည်းစည်း အလုပ်လုပ်နိုင်ကြစေရန် ဆုတောင်းကြသည်။ ထို့နောက် ပျားအုံကိုကြည့်၍ နိမိတ် ဟောသည်။

 

ခွာဒိုပွဲတော်ကိုဝက်၊ နွား၊ နွားနောက်စသော တတ်နိုင်သည့် အတိုင်းအတာဖြင့် ကျင်းပသည်။ ကွယ်လွန်ပြီး သူများအတွက် အထူးဟင်းလျာများအဖြစ် သားကောင်၏ ဝမ်းတွင်းသားများကို ချက်ပြုတ်ကာ ကွယ်လွန်သူ တို့၏ သင်္ချိုင်းဂူများသို့ သွားရောက်ဂါရဝပြု ပူဇော်ကန်တော့ကြသည်။ ကွယ်လွန်သူများကို ပူဇော် ကန်တော့ပြီးမှသာ စားသောက်ပွဲများကျင်းပ နိုင်သည်။ ခွါဒိုပွဲတော်ကို အစားအသောက်၊ အဆိုအက၊ အတီးအမှုတ်များဖြင့် တစ်နေကုန် တစ်ညလုံး ကျင်းပသည်။ ခွာဒိုပွဲကျင်းပသည့် ပထမနေ့ညတွင် နတ်ဆိုး များကို ရွာတွင်းမှ မောင်းထုတ်ပွဲ ပြုလုပ်ကြသည်။ ခွာဒိုပွဲတော် သီချင်းများကို သီဆိုတီးမှုတ်ရင်း သုံးရက်မှ ခုနစ်ရက်အထိ ကျင်းပသည်။

 

ဆွေမျိုးများ၏ သင်္ချိုင်းသို့သွားရောက်ဂါရဝပြုခြင်း

 

ပွဲတော်၏ပထမနေ့တွင် ကွယ်လွန်သူ ဆွေမျိုးများအတွက် ပွဲတော်၌အသုံးပြုသည့် ဝက်၊ နွား၊ နွားနောက် စသော သားကောင်၏ ဝမ်းတွင်းသားများကို အထူးဟင်းလျာအဖြစ် ချက်ပြုတ်ကာ ၎င်းဟင်း မျိုးစုံနှင့် စားသောက်ဖွယ်ရာများအား ယူဆောင်ပြီး တစ်နှစ်တာ ကာလအတွင်း ကွယ်လွန်သူ ဆွေမျိုးများ၏ သင်္ချိုင်းများသို့ သွားရောက်ဂါရဝပြု ပူဇော် ကန်တော့ကြသည်။ ကွယ်လွန်သူဆွေမျိုးများ ကို ဦးစွာရှိခိုး ဦးချဂါရဝပြု ကန်တော့ပြီးမှသာ စားသောက်ပွဲများ ကျင်းပနိုင်သည်။

 

နတ်ဆိုးများကို နှင်ထုတ်ခြင်း

 

ပထမနေ့စားသောက်ပွဲပြီး၍ ညနေ မှောင်စပြုလာသည့်အချိန်တွင် နတ်ဆရာနှင့် ရွာလူကြီးများက ဦးဆောင်ကာ နတ်ဆိုးများ မောင်းထုတ်ကြသည်။ နတ်ဆရာက သေနတ် တစ်ချက်ဖောက်၍ အချက်ပေး လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ရွာလုံးအိမ်တိုင်းစေ့ နတ်ဆိုးများစတင်ကာ နှင်ထုတ်ကြလေသည်။ နတ်ဆိုး များကို နှင်ထုတ်ရာတွင် အမျိုးသားများသည် ထင်းရှူးမီးနှင့် ပုဆိန်ရိုးတို့ကို လက်တစ်ဖက်စီတွင် ကိုင်လျက် အိမ်ဦးတိုင်မှစ၍ တိုင်များနှင့် နံရံများကို ပုဆိန်ရိုးဖြင့် ရိုက်ထုကြလေသည်။

 

ထိုသို့ရိုက်ထုနေစဉ် “ဝိညာဉ်ဆိုး၊ နတ်ဆိုးများ ထွက်သွားကြကုန်လော့၊ နတ်ဆိုးများ၏ အချိန် နေ့ရက် ကာလများ ကုန်လွန်ခဲ့ပါပြီ၊ နတ်ပြည် နတ်ရွာသို့ ပြန်သွားကြပါကုန်လော့၊ ရွာ၌ ငတ်မွတ် ခေါင်းပါးခြင်းဟူသော ဘေးဒုက္ခများ ကင်းဝေးသွားပါစေ၊ ကျန်းမာချမ်းသာ အေးငြိမ်းကြပါစေ” ဟူ၍ အော်ဟစ်ကြွေးကြော်ကြသည်။ အိမ်ဦးခန်းမှစ၍ အိမ်ရှေ့သို့ ရောက်လာသည့် အခါ လက်တွင်ကိုင်ထားသော ပုဆိန်ရိုးကို အိမ်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ လက်တစ်ဖက်တွင် ကိုင်ထားသော ထင်းရှူး မီးကိုနှစ်ခုခွဲ၍၊ ခြံစည်းရိုးတံခါး ဘေးတစ်ဖက်တစ်ချက်စီတွင် ထွန်းထားခဲ့သည်။ ၎င်းနောက် နတ်ဆရာအိမ်သို့ သွားရောက်စုရုံးကြပါသည်။ နတ်ဆရာအိမ်မှတစ်ဖန် ထင်းရှူးမီး ကိုယ်စီကိုယ်ငှ ဆွဲကိုင်လျက် ရွာလယ် နတ်ကွန်းသို့ သွားရောက် စုရုံး ကြပြန်လေသည်။ ။

 

ရွာရှိ လူပျိုဆောင်များမှ လူပျိုများသည်လည်း ထင်းရှူးမီးကိုယ်စီကိုင်လျက် နတ်ကွန်း (Tual)သို့ စုရုံးကြသည်။ အဖွဲ့အားလုံး ဆုံမိသည့်အခါတွင် နတ်ကွန်းကို စုပေါင်း၍ တစ်ပတ်ရစ် ပတ်သွားရင်း “နတ်ဆရာများ၊ ဝိညာဉ်ဆိုးများ ထွက်သွားကြပါ ”ဟူ၍ ယခင် နည်းအတိုင်း အော်ဟစ်ကြွေးကြော်ကာ နတ်ကွန်းမှနတ်ဆိုးများ မောင်းထုတ်ကြပြန်ပါသည်။ နတ်ကွန်းများမှ နတ်ဆိုးများ မောင်းထုတ်ပြီးနောက် နတ်ဆရာအိမ်သို့အား လုံးသွားရောက်စုရုံးကြပြန်သည်။ အိမ်တိုင်းမှ ကြိုတင်စုထားသည့် ခေါင်ရည်အိုးကိုတည်ပြီး ခေါင်ရည်ကို ရေဘူးတွင်ထည့်ထားသည်။ လူပျိုလူရွယ်များသည် ခေါင်ရည်ထည့်ထား သောရေဘူးများကိုယူ၍ ပျားဖွပ်ရန်တောထဲသို့ သွားကြလေသည်။ တစ်ချို့ရွာများတွင် ပျားအုံကို ကြိုတင်ရှာဖွေကာအိမ်၌မွေးထားကြ သည်။

 

နတ်ဆိုးများမောင်းထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ နှစ်ဟောင်းကာလ၌ မိမိနေအိမ်နှင့် ရွာနတ်ကွန်းတွင် ခိုအောင်းနေထိုင်ခဲ့ကြသည်ဟုယူဆသော မကောင်းဆိုးဝါးဟူသမျှကို မောင်းထုတ် ဖယ်ရှားကာ၊ ရွာကိုသန့်ရှင်း စင်ကြယ်စေခြင်းဖြင့် နှစ်သစ်တွင် ဘေးအန္တရာယ်နှင့် အနာရောဂါဘယကင်းဝေး၍ အေးချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်ကြစေရန်ဖြစ်ပါသည်။ နတ်ဆိုးနှင်ထုတ်သော ရိုးရာတေး သီချင်းတစ်ပုဒ်ရှိပါသည်။ ၎င်းမှာ 

(a) Kum ki khen e, sol kha dang e, zinn in vang khua lam gonghen awe...

(b) Ziin in vang khua lam zonghen la, siansung tui bang siang hen lawm awe...

ဟူ၍ ဖြစ်သည်။

No comments:

Post a Comment