Salai Tin Maung Oo Story အား Google မှတဆင်. A Forgotten Hero of Asia ဖြင်.သာ ဝယ်ယူ ဖတ်ရှုနိုင်သည်။
(ဆလိုင်းတင်မောင်ဦး ကြိုးပေးမခံရမီ အတူရှိနေခဲ့သူ SB ဒုရဲအုပ်ဟောင်း ဦးသောင်းအေးနှင့် တွေ့ဆုံခြင်း) နောက်ပိုင်းသူ ရှေ့ကို ဘယ်လို ရည်ရွယ်ထားသလဲ ဆိုတော့ သူက "ကျနော့်ကိုတော့ သတ်မှာဘဲ"တဲ့။ ဆေးရုံကြီးဗုံးခွဲတဲ့ တင်ညွန့်ကို ပထမဆုံးသတ်လိုက်တာကိုး။
အဲဒီအချိန်မှာက အစိုးရမှာလည်း တော်တော် လေး ဘက်ပေါင်းစုံ အကျပ်အတည်းတွေ့နေရပြီ။ ဗုံးခွဲတဲ့ ဇာတ်လမ်းတွေ၊ မှိုင်းရာပြည့်၊ မီးမောင်း ဇာတ်လမ်းတွေ၊ တင်မောင်ဦး ဇာတ်လမ်း၊ နောက် ဗိုလ်ကြီး အုန်းကျော်မြင့်တို့။ ဘက်ပေါင်းစုံက အကျပ်အတည်းဖြစ်နေတာ။
အဲဒီမှာ တင်မောင်ဦးပြောတာက ကျနော်က ခရစ်ယာန်တဲ့၊ သူတို့ကျနော့်ကို သတ်မယ်ဆိုရင်လည်း ကျနော်တို့ကျောင်းသားတွေက ဘယ်တော့မှ ဒူးထောက်လက်မြှောက်လေ့ မရှိဘူး။ ကျောင်းသား သွေးက အမြဲရဲတယ်တဲ့။ ဒါနဲ့မေးလိုက်တယ်။ မင်းဘယ်လို အနိုင်ယူမလဲလို့မေးလိုက်တယ်။ အဲဒီမှာ သူကဖြေတာက ကျနော့်ကို သေဒဏ်ပေးလို့ ကျနော် ချက်ချင်းမသေရင် ကျနော်နိုင်တာဘဲတဲ့။
သူမျက်နှာတချက်မပျက်ဘူး။ သူ့ကိုဒီနေ့ကြိုးလာတိုင်းသွားရင် အကိုရေ ကျနော့်ကို ဒီနေ့ လည်ပင်းကြိုး တိုင်း တယ်၊ ပေါင်ချိန်သွားတယ်လို့ပြောတယ်။
မျက်နှာ တချက်မပျက်ဘူး။ မင်းက အရင်က ကျောင်းမှာလည်း လူရည်ချွန်ဘဲ၊ ဘာကြောင့်ဒီလိုဖြစ်သွားလဲလို့ မေးကြည့်တော့ မဆလက ပြောတာနဲ့လုပ်တာ တခြားစီဘဲတဲ့။ အရေးအခင်းတခုမှာ ၀က်သားသည် တရုတ်ကြီး သူ့ဟာသူဆိုင်မှာ နေတာ၊ အဲဒါသေနတ်မှန်သွားတယ်။ နောက် ကလေး တယောက်က ကြောက်လို့ မြောင်းထဲ၀င်ပုန်းနေတာကို အဲဒီကလေးကို ဘက်နက်နဲ့ထိုးတာ ကလေးသေ သွားတယ်။ အဲဒီမှာတင် ကျနော် စစ်တပ်ကို စိတ်နာသွားတာတဲ့။ သေသွားတဲ့အချိန်အထိ မျက်နှာ ကတော့ တချက်မပျက်ဘူး။
သူကပြောတယ်၊ မသတ်လည်းသေမှာဘဲတဲ့။ သေခြင်းတရားက လူတိုင်းမှာ ရှိတယ်တဲ့။
သူက နဂိုကတည်းက အားကစားလုပ်တဲ့သူ၊ ကိုယ်ခံပညာတွေဘာတွေ တတ်ထားတော့ နေ့ရော ညရော သူကြိုး စားတယ်။ တပတ်တခါလောက် သူ့ကိုလည်ပင်း ပေကြိုးတိုင်းတယ်။ ပေါင်ချိန်တယ်။ သူ့ကျန်းမာရေး ဆေးစစ်တယ်။ အဲဒီလိုနေရင်းနဲ့ သူက ကျနော်တောင်းမှာက အဖေနဲ့အမေနဲ့တွေ့ချင်တယ်။
(၂) အချက် ကျနော်က ခရစ်ယာန်လူမျိုးဖြစ်တဲ့အတွက် ကျနော့် အရိုးကို ဂူသွင်းပေးဖို့။ ဒီလိုကျနော့်အရိုးကို ဂူသွင်းထားရင် ကျနော့်အရိုးက ထတွန်နေမှာဘဲတဲ့။ အရိုးတွန်ပြီး လှုပ်ရှားနေမှာဘဲတဲ့။ လေ့ကျင့်တယ်ဆိုတာ ကြိုးပေးတဲ့ အခါမှာ ချက်ချင်းမသေအောင် လည်ပင်းအကြောတွေကျင့်တယ်၊ ဒိုက်ထိုးတယ်။ သူ့ကို မသေမချင်း သတ်လို့ ပြောထားလို့လားတော့ မသိဘူးပေါ့။
တချို့က တကြိုးနဲ့မသေရင် လွတ်သွားတာရှိတယ်။ ဒါပေမယ့် တင်မောင်ဦး ပြောတာက လွတ်ဖို့ကို ပြောတာ မဟုတ်ဘူး။ သတ်သတ်ချင်းမသေရင် ကျနော်နိုင်တာဘဲလို့ပြောတာ။ အဲဒီမှာ သူ့ရဲ့ စိတ်ဓာတ်၊ ကျောင်းသား တွေရဲ့ စိတ်ဓာတ်ကို တော်တော်လေး လေးစားသွားတာ။
သူ့ကို သတ်မယ့်နေ့မှာ မနက် အစောကြီးခေါ်ထုတ်လာတယ်။ အဲဒီအချိန်မှာ သူကအော်ပြောတယ်။ ကျနော် ကျောင်းသား ခေါင်းဆောင် တင်မောင်ဦးကို သတ်တော့မယ်ဗျို့ဆိုပြီး။ သူက တကယ်တော့ ကြောက်လို့ အော် တာ မဟုတ်ဘူး။
ဖမ်းထားတဲ့ ကျောင်းသားတွေကို တပ်လှန့်လိုက်တာ။ ထောင်ထဲမှာရှိတဲ့ ကျောင်းသားတွေကို တပ်လှန့် လိုက်တာ။ အဲဒါနဲ့သူ့ကိုခေါင်းစွပ်ကြီးနဲ့တွဲခေါ်လာပြီးတော့ ကြိုးစင်တင်၊ ကြိုးစင်ပေါ်မှာ ကြိုးကွင်းစွပ်တာ တွေဘာတွေ လုပ်ပြီးတော့မှ နောက်ဆုံးဒေါက်ဖြုတ်တာပေါ့လေ။ ကြိုးပေးမယ်ဆို ဒီအတိုင်းမရဘူး။ တရား သူကြီး ပါရမယ်၊ နောက်အကျဉ်းဦးစီးအရာရှိ ပါရမယ်။ ဒီလိုအဖွဲ့နဲ့ ကော်မတီနဲ့ လုပ်ရတာ။
အဲဒီမှာ သူ့ကိုဘာ့ကြောင့်ပိုပြီးလေးစားသွားလဲ ဆိုတော့ သူကသူပြောတဲ့အတိုင်း ဖြစ်အောင် လုပ်တာ။ ဘာဖြစ် လို့ လဲ ဆိုတော့ ဒေါက်ဖြုတ်လိုက်တဲ့အချိန်အထိ ကြိုးကလည်း မငြိမ်သေးဘူး။ တော်တော်ကြီး ကြာတဲ့အထိ စစ်ကြတော့ အသက်ရှိနေသေးတယ်။ အဲဒီတော့ နောက်ဆုံးဒေါက်ဖြုတ်တဲ့ ပုဂ္ဂိုလ်တွေက အပေါ်တက်လာပြီး ပုခုံးကို နင်းချလိုက်တော့မှ သူက အသက် ထွက်သွားတာ။ ဒေါက်ဖြုတ်ခါ နီးမှာ သူ မေးကြောတွေ တောင့်ထား မယ်။ မသေအောင် အတတ်နိုင်ဆုံးတောင့်ထားတာ။
(၂၀၂၂ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းသားရဲဘော် ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦး အသတ်ခံရခြင်း ၄၆ နှစ် ပြည့်ခဲ့ပြီ။ ကြိုးကွင်းစွပ် ဒေါက်ဖြုတ်သော်လည်း အသက်မသေ၍ မသေသေအောင် အသတ်ခံခဲ့ရသော ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ၏ ထောင်တွင်း ဖြစ်ရပ်မှန်အား ဒုရဲအုပ်ဟောင်း ဦး သောင်းအေး နှင့် မြန်မာသံတော်ဆင့် ဂျာနယ် ဝိုင်းတော်သား၊ ဝိုင်းမော်တို့ တွေ့ဆုံခြင်းမှ ထုတ်နုတ် ဖော်ပြ အပ်ပါသည်။